ပဲခူးမြို့နန်းတော်ရာ ရပ်ကွက်တွင် ဂေါ်ပြားကိုင်ရမ်းကားသူကို သွားရောက်ထိန်းသိမ်းသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဂေါ်ပြားဖြင့် ခုတ်ခံရမှု စက်တင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းမှ သိရသည်။
အဆိုပါနေ့ ည ၁၀ နာရီအချိန်တွင် ပဲခူးမြို့ နန်းတော်ရာရပ်ကွက်၊ အလင်းရောင်(၁) (၉)လမ်းတွင် မင်းသူဟိန်း (၂၀)နှစ်ဆိုသူ အရက်မူးပြီး သံရိုးတပ်ဂေါ်ပြားကိုင်ဆောင်ကာ ရမ်းကား နေကြောင်း သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အသက် ၅၄ နှစ်အရွယ် ရာအိမ်မှူးက သွားရောက် ထိန်းသိမ်းခဲ့သည်။
ထိုသို့ထိန်းသိမ်းစဉ် မင်းသူဟိန်းက ဆဲဆိုပြီး ဂေါ်ပြားအသွားစောင်းဖြင့် လိုက်ခုတ်သဖြင့် ရာအိမ်မှူးတွင် ဝဲဘက်ဂျိုစောင်းခုတ်မိကာ ဒဏ်ရာရရှိခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လုံးထွေး ဖမ်းဆီးခဲ့သည်။
ပဲခူး မြို့မရဲစခန်းက (ပ)၁၉၄၅/၁၈ ရာဇသတ်ကြီးပုဒ်မ၊ ၂၉၄/၃၂၆ အရ အမှုဖွင့် အရေးယူထားသည်။
















