ထမင်းကြော်ဆိုင်ပိုင်ရှင်ထံမှ ရွှေဆွဲကြိုးလုယူခဲ့သူ ဆိုင်ကယ်သမားကို ဖမ်းဆီးရမိ

ထမင်းကြော်ဆိုင်ပိုင်ရှင်ထံမှ ရွှေဆွဲကြိုးလုယူခဲ့သူ ဆိုင်ကယ်သမားကို ဖမ်းဆီးရမိ

မော်လမြိုင်မြို့နယ်တွင် ထမင်းကြော်ဆိုင်ဖွင့်လှစ်နေသူ အမျိုးသမီးကြီး လည်ပင်း၌ ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား လုယူခဲ့သူ ဆိုင်ကယ်သမားကို သက်ဆိုင်ရာက စက်တင်ဘာ ၂၆ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာ ၂၂ ရက် နံနက် ၅ နာရီ ၄၅ အချိန်ခန့်တွင် မော်လမြိုင်မြို့နယ် မောင်ငံရပ်ကွက်နေ အသက် ၅၄ နှစ်အရွယ် တိုင်တန်းသူအမျိုးသမီးကြီး ထမင်းကြော်ဆိုင်ဖွင့်လှစ်ရန် ပြင်ဆင်နေစဉ် ဆိုင်ရှေ့သို့ ဆိုင်ကယ်တစ်စီးသူ တစ်ဦးရောက်လာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ထမင်းကြော်တစ်ပွဲ မှာခဲ့သည်။

တိုင်တန်းသူအမျိုးသမီးကြီးက ထမင်းကြော်ခူးနေစဉ် အဆိုပါဆိုင်ကယ်သမားက ယင်းဝတ်ဆင်ထားသည့်  ရွှေဆွဲကြိုးကို နောက်မှဖြတ်ယူကာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်တွင်တိုင်ကြားခဲ့သည်။

မုပွန်နယ်မြေရဲစခန်းက(ပ)၈၆၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၂ အရ အမှုဖွင့်ခဲ့ပြီး သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကျူးလွန်ခဲ့သည်ဆိုသူ မော်လမြိုင်မြို့ နေ ကျော်နိုင်ထွန်း(၂၆ နှစ်)ကိုဖမ်းဆီးရမိကာ သက်သေခံရွှေဆွဲကြိုးကို ပြန်လည်သိမ်းဆည်းခဲ့သည်။