ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းဈေးကွက် အားကောင်းနေဆဲ ခရီးသွားဝင်ရောက်မှု ယမန်နှစ်ကာလတူထက် သုံးရာခိုင်နှုန်းမြင့်တက်

ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းဈေးကွက် အားကောင်းနေဆဲ ခရီးသွားဝင်ရောက်မှု ယမန်နှစ်ကာလတူထက် သုံးရာခိုင်နှုန်းမြင့်တက်

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းဈေးကွက်အားကောင်းဆဲဖြစ်ပြီး လွန်ခဲ့သည့်လအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၃ ဒသမ ၂ သန်းရှိကာ ယမန်နှစ်ကာလတူထက် သုံးရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့လာရောက်သည့် ပြည်ပခရီးသွား ထိပ်တန်းဈေးကွက် ၁၀ခုမှာ တရုတ်၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ လာအို၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဗီယက်နမ်၊ စင်ကာပူနှင့်ဗြိတိန်တို့ ဖြစ်ကြသည်။

အဆိုပါ နိုင်ငံတကာခရီးသွားများကြောင့် ထိုင်းနိုင်ငံအနေဖြင့် သြဂုတ်လက ခရီးသွားလုပ်ငန်းဝင်ငွေ ဘတ် ၁၆၈ ဘီလီယံရရှိကာ ယမန်နှစ်ကာလတူထက် ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း သိရသည်။ ထိပ်တန်းငွေသုံးစွဲနိုင်သူများမှာ တရုတ်၊ မလေးရှား၊ ဂျပန်၊ တောင်ကို ရီးယား ဗြိတိန်တို့မှဖြစ်ကြောင်း ခရီးသွားနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပွန်ပါနုကဆိုသည်။

ယခုနှစ်ပထမရှစ်လအတွင်း ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းဈေးကွက် အားကောင်းဆဲဖြစ်ပြီးပြည်ပခရီးသွားဝင်ရောက်မှု စုစုပေါင်းမှာ ၂၅ ဒသမ ၈ သန်းရှိကာ ယမန်နှစ်ကာလတူထက် ၉ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။အဆိုပါ ခရီးသွားများက ဘတ် ၁ ဒသမ ၃ ထရီလီယံသုံးစွဲပြီး ယမန်နှစ်ကာလတူထက် ၁၂ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ရရှိခဲ့ကြောင်း သိရသည်။

ပြည်ပခရီးသွားများ လုံခြုံစိတ်ချ ရေးအတွက် ဧည့်လမ်းညွှန်၁၀ဝ၀ကျော်အား ဗန်ကောက်၊ ချွန်ဘူရီ၊ ကန်ချနဘူရီ၊ ဆောင်ခလာ၊ ဆာထွန်၊ ချွန်ပွန်၊ ဖူးခက် စသည့်တို့တွင် သင်တန်းများပေးခဲ့ကြောင်း သိရသည်။ ဧည့်လမ်းညွှန် ၁၀ဝ၀ ကျော်အား အရေးပေါ်အသက်ကယ်မှုဆိုင်ရာကျွမ်းကျင်မှုသင်တန်းများပေးထားခြင်းဖြင့် ပင်လယ်ပြင်တွင်ဖြစ်ပွားတတ်သည့် မတော် တဆမှုများမှ အသေအပျောက်ဒဏ်ရာရမှုများအား လျှော့ချနိုင်မည်ဖြစ်ကြောင်း ထိုင်းခရီး သွားလုပ်ငန်းညွှန်ချုပ် အာနန်ဝမ်ဘင်ဂျာရတ်က ပြောဆိုသည်။