အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ်ထားရှိသည့် အမြင်ကို သမ္မတဟောင်း ဘားရက်အိုဘားမားက နော်ဝေနိုင်ငံ မြို့တော် အော်စလို၌ ပြုလုပ်သော စီးပွားရေးခေါင်းဆောင်များ၏အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ကွဲပြားသော အမြင်ရှိသည့် အမေရိကန်အစိုးရအဖွဲ့ရှိနေသောကြောင့် ကံမကောင်းအကြောင်းမလှဟုဆိုလို့ရနိုင်ကြောင်း အိုဘားမားကပြောဆိုခဲ့သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးပိုမိုအာရုံစိုက်ရန်လိုအပ်နေပြီး စီးပွားရေးနှင့်ပတ်သက်၍ ပိုမိုမျိုးကွဲစုံလင်မှုများပြားရန်လိုအပ်ကာ ကမ္ဘာ့ပြဿနာများဖြေရှင်းရာတွင် နည်းပညာအသုံးပြုမှုကိုထောက်ခံကြောင်း အိုဘားမားကပြောဆိုခဲ့သည်။
၂၀၁၅ ခုနှစ် ပါရီရာသီဥတုညီလာခံက သတ်မှတ်ထားသည့် ရာသီဥတုဆိုင်ရာလျာထားချက်များသည် ပထမဦးစားပေးလုပ်ဆောင်ရမည့် အရာများဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ခေါင်းဆောင်များက နည်းပညာသစ်များကို လက်ခံမှသာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလုပ်ဆောင်နိုင်မည်ဖြစ်ပြီး ယခုလောလာဆယ်တွင် နိုင်ငံရေးနှင့် လူမှုရေးအရ ယင်းကဲ့သို့ မြှုပ်နှံလုပ်ကိုင်ခြင်းမရှိကြောင်း အိုဘားမားက ဆက်လက်ပြောဆိုခဲ့သည်။
အိုဘားမားအစိုးရအဖွဲ့သည် ပါရီရာသီဥတုသဘောတူညီမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် အတည်ပြုခဲ့သော်လည်း ထရမ့်သည် ယင်းသဘောတူညီမှုမှ ၂၀၁၇ ခုနှစ် ဇွန်တွင် နုတ်ထွက်ခဲ့သည်။ အိုဘားမားသည် အော်စလိုစီးပွားရေးဖိုရမ်၌ ထရမ့်ကိုအမည်တပ်ဝေဖန်ခြင်းမပြုခဲ့သော်လည်း ၎င်းရာထူးမှအနားယူပြီးနောက် အမေရိကန်ပြည်ထောင်စု၌ ကိုယ့်နိ်ုင်ငံအကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်ခြင်းနှင့် အာဏာရှင်ဆန်ခြင်းတို့ရှိလာခဲ့ကြောင်း ပြောဆိုခဲ့သည်။
နော်ဝေသည် ကျားမတန်းတူညီမျှမှုကို အဓိကထားသည့် နိုင်ငံဖြစ်ပြီး အမှုဆောင်မဟုတ်သည့် ဘုတ်အဖွဲ့ဝင်များအနက် ၄၀ ရာခိုင်နှုန်းကို အမျိုးသမီးများအတွက် သတ်မှတ်သည့် နိုင်ငံအနည်းငယ်အနက် တစ်နိုင်ငံဖြစ်ကြောင်း အိုဘားမားက ချီးကျူးပြောဆိုခဲ့သည်။ ခေါင်းဆောင်ပိုင်းနေရာများတွင် အမျိုးသမီးများစွာရှိသည့် ကုမ္ပဏီများသည် စွမ်းဆောင်ရည်ပိုတက်၊ ပိုမိုအမြတ်အစွန်းများကာ စတော့ရှယ်ယာတန်ဖိုးလည်း ပိုမိုမြင့်မားကြောင်း၊ ကုမ္ပဏီဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပါက ဘေးဘီကိုငဲ့ကြည့်လျှင် အမျိုးသားများချည်းကိုသာ တွေ့ပါက ပြဿနာရှိနေပြီဟု ယူဆလို့ရနိုင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စု၌ အာရှသားသို့မဟုတ် လက်တင်အမေရိကနွယ်ဖွားများကို အလုပ်ခန့်အပ်ရန် ပျက်ကွက်သည့် ကုမ္ပဏီများသည် ရေရှည်တွင် ထိခိုက်ဆုံးရှုံးမှုများရှိလာနိုင်ကြောင်း အိုဘားမားက သတိပေးပြောဆိုခဲ့သည်။ ယင်းသည် ပရဟိတလုပ်ခြင်း၊ လူမှုရေးမူဝါဒချမှတ်ခြင်းမဟုတ်ဘဲ စီးပွားရေးအောင်မြင်မှုသာဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

















