ကမ္ဘာကြီးပူနွေးလာမှုအပါအဝင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပြဿနာများကိုကိုင်တွယ်ရာတွင် ကမ္ဘာကြီးသည် ဦးဆောင်ခေါင်းရွက်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ပါရီရာသီဥတုသဘောတူညီမှု၏အဓိကလျာထားချက်ကို ဖြည့်ဆည်းရန် မလွယ်ကူတော့ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယို ဂူတာရက်စ်က စက်တင်ဘာ ၂၆ ရက်တွင် သတိပေးပြောဆိုလိုက်ပြီဖြစ်သည်။
လက်ရှိထုတ်လွှတ်နေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏကို ၂၀၂၀ ပြည့်နှစ်ရောက်ရှိချိန်တွင် လျှော့ချနိုင်ခြင်းမရှိပါက ကမ္ဘာကြီး၏အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီဆဲစီးယပ်စ်အောက် လျှော့ချရန်မဖြစ်နိုင်တော့ကြောင်း ဂူတာရက်စ်က နယူးယောက်၌ ကုလရုံးချုပ်၌ စုဝေးခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်များကို ပြောဆိုခဲ့သည်။ ကမ္ဘာ့အပူချိန်ကို ယင်းသို့ထားရှိရန် ပါရီရာသီဥတုညီလာခံတွင် သဘောတူညီခဲ့သော်လည်း အစိုးရသည် လိုအပ်သော ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချမှုပမာဏ၏သုံးပုံတစ်ပုံကိုသာ လျှော့ချနိုင်ခဲ့သည်။
ရာသီဥတုပြောင်းလဲမှုက ဘာလို့ထင်ထားတာထက်ပိုမြန်နေရတာလဲ၊ ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုလျော့နည်းပြီး ရာသီဥတုဒဏ်ခံနိုင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် လုပ်ဖို့ လိုအပ်တဲ့ ရဲရင့်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကို ချဖို့ ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်မှုမရှိလို့ပဲလို့ ဖြေရပါမယ် ဟု ဂူတာရက်စ်ကပြောဆိုခဲ့သည်။
ရာသီဥတုနှင့်ဆက်စပ်သော သဘာဝဘေးများကြောင့် ယမန်နှစ်တွင် ဒေါ်လာ ၃၂၀ ဘီလီယံထိခိုက်နစ်နာခဲ့ပြီး ကမ္ဘာကြီးပိုမိုပူနွေးလာသည်နှင့်အမျှ ထိခိုက်နစ်နာမှုတန်ဖိုး ပိုမိုများပြားလာဖွယ်သာရှိနေကြောင်း ၎င်းကပြောဆိုခဲ့သည်။ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၂၀ ( ဂျီ ၂၀ ) သည် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၈၀ ရာခိုင်နှုန်းကို ထုတ်လွှတ်နေကြောင်း ဂူတာရက်စ်က ပြောဆိုခဲ့သည်။
ပစိဖိတ်ကျွန်းနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုးများကို ခံစားနေရပြီဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်က ပြောဆိုခဲ့သည်။ ၂၀၅၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလုံးဝရပ်ဆိုင်းသွားရေး ဥပဒေပြုပြဋ္ဌာန်းရန် အဆိုပြုသည့် နိုင်ငံအနည်းငယ်တွင် နယူးဇီလန်ပါဝင်ခဲ့သည်။

















