နိုင်ငံရေးဝင်လွှမ်းမိုးမှု စွပ်စွဲချက်များ ထွက်လာပြီးနောက်တွင် သြစတြေးလျ ရုပ်သံကော်ပိုရေးရှင်း (အေဘီစီ) ဥက္ကဋ္ဌသည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။
သြစတြေးလျ အစိုးရက မနှစ်သက်သည့် သတင်းများ ရေးသားမှုကြောင့်ဟုဆိုကာ သတင်းသမားနှစ်ဦးကို အလုပ်မှ ဖြုတ်ပစ်ရန် သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးခဲ့ကြောင်း စွပ်စွဲခံရပြီးနောက်တွင် ဥက္ကဋ္ဌ ဂျက်စတင် မီလ် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ သတင်းသမားများနှင့် ပတ်သက်ပြီး အေဘီစီ သတင်းဌာနကို ဖိအားပေးခဲ့ခြင်းမျိုးမရှိဟု သြစတြေးလျ အစိုးရက ထုတ်ပြန်ပြောကြားထားသည်။ အေဘီစီ အုပ်ချုပ်မှု ဒါရိုက်တာ မီရှဲလီ ဂူသရီကိုလည်း စက်တင်ဘာ ၂၄ ရက်က ထုတ်ပယ်ခဲ့ပြီးဖြစ်သည်။
ဝန်ထမ်းများ ထုတ်ပစ်ရန် အစိုးရဘက်က ဖိအားပေးခြင်းမျိုး မရှိကြောင်း၊ အများပြည်သူက အေဘီစီအပေါ် ဖိအားပေး ဝေဖန်နေမှုများ လျော့ကျသွားစေရန်အတွက် ၎င်း နုတ်ထွက်လိုက်ခြင်းသာဖြစ်ကြောင်း မစ္စတာ မီလ်က ပြောသည်။
“အေဘီစီ သတင်းဌာန ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်အစိုးရ တာဝန်ရှိသူကမှ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ဘာလုပ်ပါ ဆိုတာမျိုး ဖိအားပေး ညွှန်ကြားတာမျိုး မရှိခဲ့ပါဘူး” ဟု မစ္စတာ မီလ်က ပြောသည်။
မစ္စတာ မီလ်သည် ယခင်က သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း မဲလ်ကွမ် တန်ဘူးလ်၏ စီးပွားဖက်တစ်ဦးလည်း ဖြစ်သည်။ အေဘီစီ သတင်းဌာနအတွင်း ဝန်ထမ်းများနှင့် ပတ်သက်ပြီး မစ္စတာ မီလ်သည် မလျော်သြဇာသုံးခဲ့ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးရန် သြစတြေးလျ အစိုးရက ညွှန်ကြားထားသည်။
သြစတြေးလျ သတင်းမီဒီယာကတစ်ခုကလည်း မစ္စတာ မီလ်သည် နိုင်ငံရေးအယ်ဒီတာ တစ်ဦးကို အလုပ်ဖြုတ်ရန် အေဘီစီ အုပ်ချုပ်မှု ဒါရိုက်တာ မီရှဲလီ ဂူသရီကို ညွှန်ကြားခဲ့ဖူးသည်ဟုလည်း ဖွင့်ချထားသည်။ ထိုသို့ ပေါက်ကြားလာပြီးနောက်တွင် စက်တင်ဘာ ၂၆ ၌ အေဘီစီ သတင်းဌာန ဝန်ထမ်းများက မစ္စတာ မီလ်ကို အလုပ်ဖြုတ်ရန်နှင့် သတင်းခန်း လွတ်လပ်ခွင့် အပြည့်အဝရှိရေး တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

















