ပူထရာဂျာယာ (မလေးရှား) ” မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ၁ြြီ ကိစ္စအပါအဝင် ငွေကြေးခဝါချခြင်းများနှင့် အလွဲသုံးစားလုပ်ကာ ခိုးယူသည့်ကိစ္စများကို စစ်ဆေးခံရန် မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ဇနီး အသက် ၆၆ နှစ်အရွယ်ရှိ ရော့စ်မာ မန်ဆူးသည် စက်တင်ဘာ ၂၆ ရက်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီရုံးသို့ ရောက်ရှိလာခဲ့သည်။
ခင်ပွန်းဖြစ်သူ ရာဇဝတ်ကြောင်းအရ အမှုရင်ဆိုင်နေရချိန်တွင် မန်ဆူးကို သုံးလအတွင်း ဒုတိယအကြိမ်မြောက် သမ္မန်စာဖြင့် ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်လာသော ရော့စ်မာကို သူ၏ရှေ့နေများနှင့် ရဲများခြံရံ၍ တရားရုံးအဆောက်အအုံသို့ ဝင်လာစဉ်တွင် သတင်းထောက်များကို လုံးဝစကားမပြောခဲ့ပေ။ ရော့စ်မာသည် တန်ဖိုးကြီးသော စိန်ရွှေလက်ဝတ်ရတနာများ ဝတ်ဆင်ပြီး နာမည်ကျော် ဒီဇိုင်းဆရာများ ထုတ်လုပ်သည့် ဘာကင် လက်ဆွဲအိတ်များကို ကိုင်ဆောင်လေ့ရှိသည်။ သူ့ကို နာမည်ကျော် ဒီဇိုင်းဆရာများ၏ ပုံစံများဖြင့်ထုတ်လုပ်သော ဖိနပ်အမျိုးမျိုးကို ဝယ်စီးခဲ့သည့် ဖိလစ်ပိုင် သမ္မတကတော်ဟောင်း အီမယ်လ်ဒါမားကို့စ်နှင့် နှိုင်းယှဉ်၍ ရေးသားဖော်ပြလေ့ရှိသည်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရွေးကောက်ပွဲတွင် အရေးနိမ့်ပြီးနောက် မကြာမီမှာပင် သူ့မိသားစု နေထိုင်ရာ အိမ်ခန်းများကို မလေးရှားရဲက ဝင်ရောက်ရှာဖွေရာ ဒေါ်လာ ၂၆၆ သန်းကျော်ဖိုးရှိ နာမည်ကျော် လက်ဆွဲအိတ်များ၊ ကျောက်မျက်ရတနာများနှင့် ငွေသားများကို တွေ့ရှိခဲ့သည်။ ရော့စ်မာနှင့် နာဂျစ်တို့၏ နေအိမ်ခန်းများမှ လည်ဆွဲ ၁,၄၀ဝ၊ လက်စွပ် ၂,၂၀ဝ၊ နားကပ်အရန်ပေါင်း ၂,၈၀ဝ အပါအဝင် အဖိုးတန် ကျောက်မျက်ရတနာ လက်ဝတ်ပစ္စည်းများ စုစုပေါင်း ၁၂,ဝ၀ဝ နှင့် လက်ကိုင်အိတ် ၅၆၇ လုံး၊ လက်ပတ်နာရီ ၄၂၃ လုံးသိမ်းဆည်းရမိခဲ့သည်။ ယင်းပစ္စည်းများမှာ သူ့မိသားစုကို မေတ္တာဖြင့်ပေးခဲ့သည့် ပစ္စည်းများဖြစ်သည်ဟု နာဂျစ်က ဆိုသည်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီအကြီးအကဲ မိုဟာမက် ရှူကရီ အက်ဘ်ဒူးက ယခုလစောစောပိုင်းတွင် ရော့စ်မာကိုစုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားပြီး အစီရင်ခံစာကို ရှေ့နေချုပ်ထံတင်ပြမည်ဟု ပြေကြားခဲ့သည်။

















