ကနေဒါနှင့် ကုန်သွယ်ရေးညှိနှိုင်းမှု အဆင်မပြေဟု သမ္မတ ထရမ့် ဆို

ကနေဒါနှင့် ကုန်သွယ်ရေးညှိနှိုင်းမှု အဆင်မပြေဟု သမ္မတ ထရမ့် ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုနှင့် ကုန်သွယ်ရေးဆွေးနွေးမှု အဆင်မပြေသေးဟု ထုတ်ပြန်ပြောကြားလိုက်သည်။

မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေးသဘောတူချက် (နတ်ဖ်တာ) နှင့် ပတ်သက်ပြီး ကနေဒါနှင့် ဆွေးနွေးမှု အဆင်မပြေသေးခြင်းကို သမ္မတ ထရမ့်က ရည်ညွှန်းပြောကြားလိုက်ခြင်း ဖြစ်သည်။ “ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့မယ်။ ကနေဒါဘက်က စေ့စပ်ညှိနှိုင်းသူ တစ်ယောက်နဲ့မှကို အဆင်မပြေတာ” ဟု သမ္မတ ထရမ့်က နယူးယောက်တွင် ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်နေစဉ်အတွင်း ပြောကြားသည်။

ကနေဒါက နို့ထွက်ပစ္စည်းများအပေါ် အခွန်ကောက်ခံနေမှုများကို အမေရိကန်ဘက်က ကျေနပ်သည့် အဆင့်သို့ လျှော့ချမပေးမှုကိုလည်း သမ္မတ ထရမ့်က ဝေဖန်လိုက်ကာ၊ ကနေဒါဘက်က အမေရိကန်သို့ မော်တော်ယာဉ်များ တင်ပို့နေမှုကို အခွန်ပြန်တိုးကောက်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

“သူတို့ဘက်က လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေကိုလည်း နည်းနည်းမှ သဘောမကျဘူး” ဟု သမ္မတ ထရမ့်က ဆိုလိုက်သည်။ သမ္မတ ထရမ့်၏ ဝေဖန်မှုသည် အထူးသဖြင့် ဆွေးနွေးမှုကို ခေါင်းဆောင်နေသော ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ခရစ်စတီယာ ဖရီးလန်ကို ပစ်မှတ်ထားပြောကြားခြင်း ဖြစ်သည်။ နတ်ဖ်တာ ကုန်သွယ်မှုစာချုပ်အတွက် အမေရိကန်သည် မက္ကဆီကိုနှင့် ယခုနှစ် သြဂုတ်တွင် သဘောတူချက် ရရှိခဲ့သော်လည်း ကနေဒါနှင့်ပါ သဘောတူညီချက်ရယူကာ သုံးနိုင်ငံ အပြန်အလှန် ကုန်သွယ်ရေးကွန်ရက် ထူထောင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ကနေဒါက နို့ထွက်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ကောက်ခံနေမှုကို သဘောမကျသဖြင့် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုနှင့် တွေ့ဆုံမည့် အစီအစဉ်ကိုလည်း လက်မခံသေးကြောင်း သမ္မတ ထရမ့်က ဆိုသည်။

ကနေဒါနှင့် နတ်ဖ်တာ စာချုပ်ကိစ္စ ဆက်မဆွေးနွေးဟု သမ္မတ ထရမ့်က ယတိပြတ် မပြောသော်လည်း အလျှော့ပေးပြီး စာချုပ်ချုပ်မည်မဟုတ်ဟု ဆိုထားသည်။