ဗင်နီဇွဲလားအား စုံစမ်းစစ်ဆေးပေးရန် အိုင်စီစီကို နိုင်ငံခြောက်နိုင်ငံတောင်းဆို

ဗင်နီဇွဲလားအား စုံစမ်းစစ်ဆေးပေးရန် အိုင်စီစီကို နိုင်ငံခြောက်နိုင်ငံတောင်းဆို

ဗင်နီဇွဲလားအစိုးရအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလက်အောက်ရှိ နိုင်ငံတကာရာဇဝတ်ခုံရုံး( အိုင်စီစီ) ကို အာဂျင်တီးနား၊ ချီလီ၊ ကိုလံဘီယာ၊ ပီရူး၊ ပါရာဂွေးနှင့် ကနေဒါတို့က စက်တင်ဘာ ၂၆ ရက်တွင် တောင်းဆိုလိုက်ပြီဖြစ်သည်။

နိုင်ငံခြောက်နိုင်ငံက အထက်ပါအတိုင်းတောင်းဆိုခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ဗင်နီဇွဲလားသမ္မတနီကိုလပ်စ် မာဒူရိုသည် အထွေထွေညီလာခံ၌ မိန့်ခွန်းပြောဆိုခဲ့သည်။ ဗင်နီဇွဲလားရှိ လက်ရှိလူသားချင်းစာနာထောက်ထားအကျပ်အတည်းကို မသိသလိုနေထိုင်ခြင်းသည် ဗင်နီဇွဲလားအစိုးရ၏လုပ်ရပ်များတွင် ကြံရာပါခြင်းသာဖြစ်ကြောင်း ပရာဂွေးနိုင်ငံခြားရေးဝန်ကြီး အန်ဒရေစ် ရိုဒရီဂက်စ် ပဲဒေါ့တီကပြောဆိုခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင်း အကြမ်းဖက်မှုနှင့် ပဋိပက္ခများကြောင့် နိုင်ငံသား နှစ်သန်းကျော်သည် နိုင်ငံတွင်းမှထွက်ခွာခဲ့ရပြီး နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့် လူသတ်မှုဖြစ်ပွားနှုန်းသည် ကမ္ဘာ့အမြင့်ဆုံးဖြစ်နေသည်။ သို့သော် အမေရိကန်ဦးဆောင်သော အဖျက်အင်အားစုများက ဗင်နီဇွဲလား၌ မတည်ငြိမ်မှုများရှိလာအောင် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ဗင်နီဇွဲလားအစိုးရအရာရှိများကပြောဆိုခဲ့သည်။ အမေရိကန်သည် ၎င်း၏နိုင်ငံကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အမေရိကန်သည် ကမ္ဘာကြီးကို ၎င်းတို့ပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး အမိန့်ပေးနေခြင်းဖြစ်သော်လည်း ဗင်နီဇွဲလားက အညံ့ခံမည်မဟုတ်ကြောင်း မာဒူရိုက ကုလ၌ ပြောဆိုခဲ့သည်။

ဗင်နီဇွဲလားကို စစ်ဆေးပေးရန် တောင်းဆိုမှုသည် ကုလအဖွဲ့ဝင်နိုင်ငံများက အခြားနိုင်ငံတစ်နိုင်ငံအား စစ်ဆေးပေးရန် နယ်သာလန်အခြေစိုက် အိုင်စီစီသို့ ပထမဆုံးအကြိမ် လျှောက်ထားမှုဖြစ်သည်။ ၂၀၁၇ ခုနှစ် ဧပြီမှစ၍ ဗင်နီဇွဲလားအစိုးရသည် ဆန္ဒပြသူများကို လူစုံခွဲရန် အင်အားအလွန်အကျွံသုံးခဲ့ကြောင်း စွပ်စွဲမှုများနှင့်ပတ်သက်၍ အိုင်စီစီဥပဒေချုပ် ဖာတိုး ဘန်ဆိုဒါသည် ကနဦးစစ်ဆေးမှုများကို ပြုလုပ်နေပြီဖြစ်သည်။