ကမ္ဘာ့နိုင်ငံအစိုးရများ၏ သံတမန်ရေးလျှို့ဝှက်ချက်များကို ဖွင့်ချခဲ့ ဝီကီလိခ်စ်ဝက်ဘ်ဆိုက်၏ ပြောခွင့်ရှိသူအဖြစ် တစ်ချိန်က တာဝန်ထမ်းဆောင်ခဲ့သည့် ခရစ်တင် ဟရက်ဆင်အား ဝီကီလိခ်စ်၏ အယ်ဒီတာချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့သည်။
ဟရက်ဆင်အား အယ်ဒီတာချုပ်အဖြစ် ခန့်အပ်ရသည့် အကြောင်းအရင်းကိုမူ ထုတ်ပြန်ခြင်းမပြုခဲ့ချေ။ ဝီကီလိခ်စ်ဝက်ဘ်ဆိုက်သို့မဟုတ် အဖွဲ့ကို အသက် ၄၇ နှစ်အရွယ် ဟက်ကာဟောင်း ဂျူလီယံအက်ဆန့်က တည်ထောင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ဦးဆောင်ခဲ့သော်လည်း အက်ဆန့်သည် လန်ဒန်ရှိ အီကွေဒေါသံရုံး၌ နှစ်များစွာ ခိုလှုံနေရသောကြောင့် ဝက်ဘ်ဆိုက်လည်ပတ်မှုကို ကိုယ်တိ်ုင်ကိုယ်ကျစီမံနိုင်ခြင်းမရှိခဲ့ချေ။
အက်ဆန့်သည် အဖွဲ့၏ ထုတ်ဝေသူအဖြစ်ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ဝီကီလိခ်စ်က တွစ်တာ၌ ရေးသားခဲ့သည်။ အီကွေဒေါသမ္မတသစ်သည် အက်ဆန့်နှင့်ပြင်ပဆက်ဆံရေးကို မတ်မှစ၍ ဖြတ်တောက်ခဲ့သည်။ ပြင်ပနှင့် ဆက်သွယ်လို့မရသေးကြောင်း အက်ဆန့်က စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝီကိီလိခ်စ်ရှိ အလုပ်အကိုင်ရာထူးများနှင့်ပတ်သက်၍ ရှင်းလင်းခြင်းမရှိခဲ့သေးချေ။ အက်ဆန့်က ၎င်းသည် အဖွဲ့၏ပြောခွင့်ရှိသူ၊ ထုတ်ဝေသူနှင့် အယ်ဒီတာဖြစ်ကြောင်း ယခင်ကပြောဆိုခဲ့သည်။ တာဝန်ဝတ္တရားပြောင်းလဲမှုသည် အမြဲတမ်းဟုတ်မဟုတ်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဟရက်ဆန်က အေပီသတင်းဌာနသို့ပြောဆိုခဲ့သည်။
ဂျူလီယံအက်ဆန့်သည် အာမခံဖြင့် လွတ်မြောက်နေချိန်တွင် လန်ဒန်ရှိ အီကွေဒေါသံရုံးသို့သွားရောက်ခိုလှုံခဲ့သောကြောင့် ဗြိတိန်ရဲတပ်ဖွဲ့၏အလိုရှိခြင်းခံနေရသည်။ ဗြိတိန်ရဲတပ်ဖွဲ့သည် အီကွေဒေါသံရုံးရှေ့၌ ၂၄ နာရီမလပ်စောင့်ကြည့်နေသည်။ ဗြိတိန်ရဲတပ်ဖွဲ့လက်ထဲသို့ရောက်ရှိသွားပါက အမေရိကန်အာဏာပိုင်များထံသို့ လွှဲပြောင်းခံရမည်ကို အက်ဆန့်က စိုးရိမ်နေသည်။ ဝီကီလိခ်စ်က အမေရိကန်သံတမန်နှင့် စစ်ရေးမှတ်တမ်းများကို ဖွင့်ချခဲ့သည့်အတွက် အမေရိကန်အစိုးရသည် အက်ဆန့်ကို ဖမ်းဆီးရန် ဆန္ဒရှိနေသည်။

















