လာမည့် နိုဝင်ဘာတွင် ကျင်းပမည့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ၌ တရုတ်သည် ခြေဝင်ရှုပ်ရန် ကြိုးပမ်းနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်၌ ကုလသမဂ္ဂ အစည်းအဝေးတက်ရောက်နေစဉ် နိုင်ငံတကာ ခေါင်းဆောင်များရှေ့တွင် စွပ်စွဲပြောကြားသည်။
"ကျုပ်ဟာ အမေရိကန်သမ္မတတွေထဲမှာ တရုတ်ကို ကုန်သွယ်ရေးစိန်ခေါ်တဲ့ ပထမဆုံးသမ္မတဖြစ်တာကြောင့် တရုတ်ဟာ ကျုပ်နဲ့ ကျုပ်ပါတီဝင်တွေ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်မှာကို မလိုလားနိုင်ဖြစ်နေတယ်"ဟု သမ္မတ ထရမ့်က စွပ်စွဲလိုက်ခြင်းဖြစ်သည်။ စွပ်စွဲသော်လည်း သက်သေမူကား ထုတ်ပြနိုင်ခြင်းမရှိ။ သမ္မတဖြစ်လာချိန်က စတင်ကာ မစ္စတာ ထရမ့်သည် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
“ကျုပ်က အမေရိကန်သမ္မတတွေထဲမှာ တရုတ်ကို ကုန်သွယ်ရေး စိန်ခေါ်တဲ့ ပထမဆုံးသမ္မတဖြစ်နေသလို ကုန်သွယ်ရေးမှာလည်း ကျုပ်တို့က နေရာတိုင်းမှာ အနိုင်ရနေတော့ တရုတ်က ကျုပ်နဲ့ အပေါင်းအပါတွေ လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ ထပ်နိုင်မှာ မလိုလားဘူးဖြစ်နေတယ်” ဟု သမ္မတ ထရမ့်က စွပ်စွဲပြောကြားခဲ့သည်။
အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ တရုတ်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်မစွက်ဖက်ဟူသော နိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ကျင့်သုံးလျက်ရှိကြောင်း၊ သမ္မတ ထရမ့်၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက တုံ့ပြန်ခဲ့သည်။
တရုတ်ကို စွပ်စွဲချက်များနှင့် ပတ်သက်ပြီး သက်သေအထောက်အထား ရှိပါသလားဟု သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများက မေးမြန်းသည့်အခါ သမ္မတ ထရမ့်က လက်ရှိတွင် အများပြည်သူသို့ ထုတ်ပြန်ရန် အချိန်မကျသေးကြောင်း၊ မကြာခင် ထွက်ပေါ်လာမည်ဖြစ်ကြောင်းသာ မရေမရာ ဖြေကြားခဲ့သည်ကို တွေ့ရသည်။
ရုရှား၊ မြောက်ကိုရီးယား၊ အီရန်တို့နည်းတူ တရုတ်သည်လည်း အမေရိကန် ဒီမိုကရေစီကို ခြိမ်းခြောက်နေသည့် အင်အားစုတစ်ခုဖြစ်သည်ဟု ထရမ့်အစိုးရက သတ်မှတ်ထားသည်။

















