၂၀၁၆ ခုနှစ်တွင် အရက်အလွန်အကျွံသောက်သုံးမှုကြောင့် လူသုံးသန်းကျော် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။
အမျိုးသား ၂၃၇ သန်းနှင့် အမျိုးသမီး ၄၆ သန်း ခန့်အရက်ကို အလွန်အကျွံ သောက်သုံးလျက်ရှိကြပြီး အများစုမှာ ဥရောပနှင့် အမေရိကတိုက်တို့မှ ဖြစ်ကြောင်း ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။ ဥရောပတွင် ၂၀၁၀ ပြည့်နှစ်၌ အရက်သောက်သုံးမှုနှုန်း ၁၀ ရာခိုင်နှုန်း ကျဆင်းသွားပြီးဖြစ်သော်လည်း ကမ္ဘာလုံးဆိုင်ရာ လူတစ်ဦးချင်း အရက်သောက်သုံးမှု နှုန်းအရ အမြင့်ဆုံးတွင် ဆက်လက် ရပ်တည်နေလျက်ရှိသည်။
အရက်ကြောင့်သေဆုံးမှု သုံးပုံတစ်ပုံခန့်မှာ ကားမှောက်ခြင်းများနှင့် မိမိကိုယ်ကိုယ် ထိခိုက်နာကျင်အောင် ပြုလုပ်မှုများဖြစ်ပြီး အရက်အလွန်အကျွံသောက်သုံးသူ ငါးယောက်အနက် တစ်ယောက်မှာ အစာအိမ်ရောဂါ၊ သို့မဟုတ် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားရလျက်ရှိသည်။
"လူတွေ မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေဟာ အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် အကြမ်းဖက်မှုများ၊ ဒဏ်ရာရရှိမှုများ၊ စိတ်ကျန်းမာရေးပြဿနာများ၊ ကင်ဆာရောဂါများနဲ့ လေဖြတ်ဝေဒနာများကို ခံစားနေရပါတယ်" ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ညွှန်ကြားရေးမ·းချုပ် တက်ဒရိုစ် အက်ဒ်-ဟန်နွမ် ဂီဘရီရက်စ်က ပြောကြားခဲ့သည်။ "ကျန်းမာတဲ့ လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ ဒီအန္တရာယ်ကြီးကို တားဆီးရမယ့်အချိန် ရောက်ရှိနေပြီ" ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အရက်အလွန်အကျွံ သောက်သုံးသူများ၏ နေ့စဉ် တစ်ဦးကျစီ သောက်သုံးမှုနှုန်းမှာ ဝိုင် နှစ်ခွက်နှုန်း၊ ဘီယာ ပုလင်းအကြီး တစ်ပုလင်းနှင့် အရက်နှစ်ခွက်စာရှိပြီး တစ်ကမ္ဘာလုံးတွင် လက်ရှိ အရက်သောက်သုံးသူ ၂ ဒသမ ၃ ဘီလျံခန့်ရှိကြောင်းသိရသည်။
နိုင်ငံများတွင် အရက်အလွန်အကျွံသောက်သုံးမှုကို တားဆီးနိုင်ခြင်းမရှိသေးကြောင်း အဆိုပါ အခြေအနေကို တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း အရက်မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှု ထိန်းသိမ်းရေး အကြီးအကဲ ဒေါက်တာ ဗလာဒီမာ ပေါ့စ်ညက်က ပြောကြားခဲ့သည်။
"၂ဝ၀ဝ ပြည့်နှစ် နိုင်ငံတွေရဲ့ အရက်သောက်သုံးမှုနှုန်းကို လေ့လာကြည့်တဲ့အခါမှာ မတူညီတဲ့ အကြောင်းရင်းတွေနဲ့ သောက်သုံးမှုနှုန်း အတက်အကျကို တွေ့မြင်နိုင်ပါတယ်"ဟု နိုင်ငံများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးနောက်ခံဖြစ်ရပ်များ၊ မူဝါဒစည်းမျဉ်းအသစ် ချမှတ်မှုများနှင့် ခေတ်ရေစီးကြောင်းတို့ကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။ သို့သော် စီးပွားရေးပျက်ကပ် ရင်ဆိုင်နေရသော နိုင်ငံများတွင် အရက်သောက်သုံးနှုန်း ကျဆင်းလျက်ရှိကြောင်း အချက်အလက်များအရ သိရသည်။

















