လက်ဘနွန် အမျိုးသားရေးလက္ခဏာဖြစ်သည့် ရိုးရာ အရက်ချက်လုပ်ငန်း

လက်ဘနွန် အမျိုးသားရေးလက္ခဏာဖြစ်သည့် ရိုးရာ အရက်ချက်လုပ်ငန်း

ဘေရွတ်     ” လက်ဘနွန်နိုင်ငံ ယမကာ တစ်မျိုးဖြစ်သော အရက်သည် စမုန်စပါးကို ရိုးရာနည်းဖြင့် ချက်လုပ်ထားခြင်းဖြစ်ပြီး ရေနှင့်ရောစပ်လိုက်ပါက နို့နှစ်ရောင်အဖြစ်ပြောင်းလဲသွားသော ယမကာအမျိုးအစား တစ်ခုဖြစ်သည်။ လက်ဘနွန်နိုင်ငံသားများသည် တနင်္ဂနွေနေ့အားလပ်ရက်တွင် ချက်ပြုတ်ထားသော အစားအသောက်များဖြင့် တွဲဖက်သောက်သုံးသည့် အဓိက ယမကာ အမျိုးအစားဖြစ်သည်။ အရက် ပမာဏ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ပါဝင်ပြီး ချိုမွှေးသော အရသာရှိသောကြောင့် အစားအသောက်နှင့် တွဲဖက် သုံးဆောင်နိုင်သည်။ ထိုသို့တွဲဖက်သုံးဆောင်နိုင်ခြင်းက မိသားစုဝင်များနှင့် သူငယ်ချင်းအပေါင်းအသင်း ဝိုင်းဖွဲ့ပြီး စားသောက်ကြသော လက်ဘနွန်ရိုးရာစားသောက်ပွဲအတွက် ပြီးပြည့်စုံသောအဆင့်ကို ပေးစွမ်းနိုင်ခဲ့သည်။ 

လက်ဘနွန် ရိုးရာအရက်သည် အိမ်တွင် ချက်ပြုတ်ထားသော စားသောက်ပွဲ အဓိကဟင်းလျာဖြစ်သည့် အသားစိမ်း ဟင်းလျာများကို အစာချေဖျက်ရာတွင် အလွန်အရေးပါသည်။ စားသောက်ပြီး စားပွဲမှ မတ်တပ်ရပ်၍ ရိုးရာအရက်ကို တစ်ခွက်ပြီးတစ်ခွက် သောက်သုံးကြည့်ပါက ပိုမိုခရီးရောက်နိုင်ခြေရှိသည်။ 

သို့သော် အမြည်းမလိုဘဲ ရေဖြင့် ရောစပ်သောက်သုံးရလွယ်ကူသော ဝီစကီအရက်များနှင့် ဗော့ကာ အရက်အမျိုးအစားများကို လူငယ်မျိုးဆက်သစ်များက သောက်သုံးလာမှု မြင့်တက်လာခြင်းကြောင့် လက်ဘနွန်ရိုးရာချက်အရက်မှာ ဈေးကွက်ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရသည်။ 

လက်ဘနွန် ရိုးရာချက်အရက်ကို စပျစ်သီးဖြင့် ချက်လုပ်ထားသော ယမကာအမျိုးအစားများဖြစ်သည့် ဂရိ ရိုးရာချက်အရက် အူဇို၊ တူရကီရိုးရာချက်အရက် ရာကီတို့နှင့် နှိုင်းယှဉ်ခြင်းခံရသည်။ သို့သော် လက်ဘနွန်ရိုးရာ ချက်အရက်အရသာမှာ ပိုမို အဝင်ကောင်းမွန်ကြောင်း သိရသည်။ မိသားစု တော်တော်များများက လက်ဘနွန်ရိုးရာအရက်ကို ၎င်းတို့ နေအိမ်တွင် ချက်လုပ်ကြပြီး လိုချင်သော အရသာကို ရရှိအောင် အဓိကထား ချက်လုပ်ကြသည်။ စားသောက်ဆိုင်များက အရက်ချက်လုပ်ငန်းထုတ် ရိုးရာအရက်ချက်အမျိုးအစားနှင့် အိမ်ချက် ရိုးရာချက်အရက်အမျိုးအစား နှစ်မျိုးစလုံးကို ဆိုင်တွင်တည်ခင်း ရောင်းချလျက်ရှိပြီး လာရောက်စားသုံးသူများက အိမ်တွင်းဖြစ်ချက်အရက်ကိုသာ အများဆုံး ရွေးချယ်သောက်သုံးကြကြောင်းသိရသည်။ 

အိမ်တွင်းချက်လုပ်မှု များသောကြောင့် လက်ဘနွန်နိုင်ငံတွင် ရိုးရာချက်အရက်ပမာဏ မည်မျှချက်လုပ်နိုင်သည်ကို မသိရှိနိုင်ကြောင်း သိရသည်။ လက်ဘနွန်နိုင်ငံ လက်ဘလွန်ဘဏ်၏ ၂၀၁၆ ခုနှစ် ခန့်မှန်းချက်အရ တစ်နှစ်လျှင် လက်ဘနွန်ရိုးရာ ချက်အရက်ပုလင်း နှစ်ဘီလျံဝန်းကျင်ချက်လုပ်ကြပြီး လေးပုံတစ်ပုံ နီးပါးကိုသာ ပြည်ပသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ရှေးလူကြီးများက လက်ဘနွန် ရိုးရာအရက်ကို ဆေးဘက်ဝင်အပင်များနှင့် ရောစပ်၍ နာမကျန်းသော အခါတွင် သောက်သုံးခဲ့ကြပြီး အစာချေဖျက်ရာတွင် အထောက်အကူဖြစ်ကြောင်း လက်ဘနွန် ရိုးရာအရက် ထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ခရစ်စတီယန် အစ်ဆာက ပြောကြားခဲ့သည်။

ဘေရွတ်မြို့တော်ရှိ အရက်ဆိုင်များ ဘားများတွင် လူငယ်များကို ဆွဲဆောင်ရန် လက်ဘနွန်ရိုးရာ အရက်ကို ပင်စိမ်း၊ သို့မဟုတ် ဟင်းခပ်အမွှေးအကြိုင် တစ်မျိုးတို့ဖြင့် ရောစပ်ရောင်းချလျက်ရှိပြီး ဖရဲသီးနှင့် ရောစပ်ထားသော ကော့တေးကို အများဆုံးသောက်ကြကြောင်း သိရသည်။

လက်ဘနွန်ရိုးရာအရက် ချက်လုပ်နည်းသည် မိသားစုတစ်စုနှင့်တစ်စု ချက်နည်း မတူညီကြပေ။ စပျစ်သီးများကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းပြီး တစ်စစီဖြစ်အောင်ခြေ၍ သုံးပတ်ခန့် အချဉ်ဖောက်သည်။ အာရေဗျ အခေါ်အဝေါ် ကာရာကက် အမည်ရှိ အရက်ချက်နည်းသုံးဆင့်ဖြင့် ချက်လုပ်ကြသည်။ အချဉ်ဖောက်ပြီးနောက် ရေငွေ့ပြန်သည်အထိ အပူပေးပြီး ရေအေးငွေ့ဖြင့် ပြန်လည်အအေးခံပြီး ချက်လုပ်ကြသည်။ ထို့နောက် ကိုယ်လိုချင်သော အရသာကို ရရှိရန် စမုန်စပါးနှင့် ရေကို လိုအပ်သလို ရောစပ်ရသည်။

အိမ်တွင်းဖြစ် လက်ဘနွန်ရိုးရာ ချက်အရက်များကို ဂါလန်ပုံးများဖြင့် သိမ်းဆည်းလေ့ရှိပြီး ရိုးရာ အရက်ချက်လုပ်ငန်းများက မြေအိုးများဖြင့် တစ်နှစ်ခန့်သိုလှောင်သိမ်းဆည်းကြကြောင်း သိရသည်။