ပေကျင်း - X-Men မင်းသမီး ဖန်ပိန်းပိန်း၏ ပေကျင်းမြို့ရှိ ရုံးခန်းတွင် လူတစ်ဦးတစ်ယောက်မျှမတွေ့ရဘဲ မှောင်နှင့်မည်းမည်းဖြစ်နေသည်။
တရုတ်ပြည်တွင် အကျော်ကြားဆုံးမင်းသမီးနှင့် ဟောလိဝုဒ်တက်သစ်စ မင်းသမီးဖြစ်သူ ဖန်ပိန်းပိန်း ပျောက်ဆုံးနေမှုသည် မယုံနိုင်ဖွယ်ရာဖြစ်ပြီး အခွန်ရှောင်သည်ဆိုသည့် မရေမရာ စွပ်စွဲချက်များနှင့်အခြားဥပဒေချိုးဖောက်မှုများကြောင့် တရုတ်အာဏာပိုင်တို့နှင့် ရင်ဆိုင်နေရပုံပေါ်သည်ဟု မှန်းဆနေကြသည်။ ဖန်သည် ဇာတ်ကားပေါင်းများစွာနှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ထားပြီး ၂၀၁၄ ခုနှစ်က ပြသခဲ့သည့် 'X- Men: Days of Future Past' ဇာတ်ကားနှင့် 'Iron Man 3' ဇာတ်ကားများထဲတွင် ပါဝင်သရုပ်ဆောင်ကာ နိုင်ငံတကာတွင်ပါ ကျော်ကြားလာရာ ပြီးခဲ့သည့် မေလက ကိန်းစ်ရုပ်ရှင်ပွဲတော်သို့လည်း တက်ရောက်ခဲ့သည်။ ဖန်ကို ဟောလိဝုဒ်ဇာတ်ကား '၃၅၅' တွင် ပဲနီလော့ပီခရုဇ်နှင့် အတူတွဲဖက်သရုပ်ဆောင်ရန် ကြိုတင်ငှားရမ်းထားပြီး မကြာမီ ရုံတင်ပြသတော့မည့် ‘Air Strike’ ဇာတ်ကားတွင်လည်း ဘရုစ်ဝီလီစ်နှင့် တွဲဖက်ပါဝင်သရုပ်ဆောင်ထားသည်။ ဖန်ကို ပြည်သူများကြားတွင် မတွေ့မြင်ရ၊ မကြားရသည်မှာ သုံးလနီးပါးမျှရှိပြီဖြစ်သည်။
တရုတ်နိုင်ငံ၏ အချမ်းသာဆုံး အနုပညာသမားများထဲမှ တစ်ဦးဖြစ်သူ ဖန်သည် ရုပ်ရှင်သရုပ်ဆောင်အလုပ်အပြင် ချောမွေ့လှပသော ရုပ်ရည်ဖြင့် ကုန်ပစ္စည်းများ ကြော်ငြာခြင်းများအတွက် ဒေါ်လာသန်းနှင့်ချီကာ ရရှိသူဖြစ်သည်။ အဆိုပါ အလုပ်အကိုင်သဘောတူ စာချုပ်အချို့ကြောင့် အာဏာပိုင်တို့နှင့် ပြဿနာတက်ရဖွယ်ဖြစ်သည်။ ဖန်သည် တရားဝင်လစာကို ဖော်ပြသည့် လူသိရှင်ကြားစာချုပ်တစ်ခုနှင့် လစာပိုများသည့် သီးသန့်စာချုပ်တစ်ခုချုပ်ဆိုသည်ဟု အနုပညာလေကတွင် ကျင့်သုံးလေ့ရှိသည့် အကြောင်းအရာနှင့် ပတ်သက်သည့် သတင်းများတွင် ဖန်၏အမည်ကိုဖော်ပြခဲ့သည်။
မေလက ပြုလုပ်ခဲ့သည့် စကားဝိုင်းအစီအစဉ်တစ်ခုတွင် ဖန်သည် ထိုသို့ စာချုပ်နှစ်မျိုးချုပ်ဆိုကာ အခွန်ရှောင်တိမ်းရာတွင်လွယ်ကူစေရန် ပြုလုပ်သည်ဟု အစီအစဉ်တင်ဆက်သူ စီယွန်ယန်က ပြောကြားခဲ့ပြီး အသေးစိတ်ကို ဖော်ထုတ်ခဲ့ရာ အများပြည်သူထံမှ ကန့်ကွက်သံထွက်ပေါ်လာခဲ့သည်။ စီက ထိုသို့ပြောကြားခဲ့သည့်အတွက် နောက်ပိုင်းတွင် တောင်းပန်ခဲ့သည်။ တရုတ်လူမျိုးတို့၏ ကျော်ကြားသော ယဉ်ကျေးမှုနှင့် ပတ်သက်သည့် ဆောင်းပါးရှင်နှင့် အစီအစဉ်ထုတ်လွှင့်သူ ရှီရှုစီက တရုတ်နိုင်ငံ စီးပွားရေးနှေးကွေးနေစဉ် အခွန်လိမ်လည်ခြင်းကို နမူနာအဖြစ်ချမှတ်ရန် အာဏာပိုင်တို့ကဆန္ဒရှိရာ ဖန်၏ လူသိများကြော်ကြားမှုကြောင့် ပစ်မှတ်ဖြစ်ခဲ့သည်ဟု ပြောသည်။
"ဒီလို နာမည်ကြီးမင်းသမီးတစ်ယောက် ဘယ်ရောက်နေသလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ပြီးတော့ ဘယ်အာဏာပိုင်ကမှလည်း ရှင်းလင်းချက် မထုတ်ပြန်ဘူး။ ဒါက တကယ့်ကို စိတ်ထင့်စရာပဲ" ဟု ပြောသည်။ တရုတ်အာဏာပိုင်တို့က ရုပ်ရှင်ထုတ်လုပ်မှု ကုန်ကျစရိတ်ထဲမှ သရုပ်ဆောင်များအတွက် လစာများများသုံးပစ်ရသည်ကို ထိန်းရန်ကြိုးပမ်းနေစဉ် ဖန်ပျောက်ဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဇွန်လက လုပ်ငန်းထိန်းသိမ်းရေးအဖွဲ့က ရုပ်မြင်သံကြား ဇာတ်လမ်းတစ်ခုလုံး ထုတ်လုပ်မှု အသုံးစရိတ်၏ ၄၀ ရာခိုင်နှုန်းနှင့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုလုံးတွင် ပါဝင်သည့် သရုပ်ဆောင်များအားလုံးအတွက် အသုံးစရိတ်၏ ၇၀ ရာခိုင်နှုန်းပေးရန် သတ်မှတ်ခဲ့သည်။

















