လင်မယား စကားများရန်ဖြစ်စဉ် သားမက်က ဓားဖြင့်ခုတ်၍ ယောက္ခထီး သေဆုံး၊ယောက်ဖဒဏ်ရာရ

လင်မယား စကားများရန်ဖြစ်စဉ် သားမက်က ဓားဖြင့်ခုတ်၍ ယောက္ခထီး သေဆုံး၊ယောက်ဖဒဏ်ရာရ

တာချီလိတ်မြို့လင်မယားချင်း စကားများရန်ဖြစ်စဉ် သားမက်ဖြစ်သူက ဓားဖြင့်ခုတ်သဖြင့် ယောက္ခထီး သေဆုံးပြီး ယောက်ဖဒဏ်ရာရရှိခဲ့မှု စက်တင်ဘာ ၂၆ ရက်ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၁၀  အချိန်ခန်တွင်တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ကျောက်တောင်သင်္ချိုင်း အသွား လမ်းဘေး ခြံဝန်းတွင် ဓားခုတ်မှုဖြစ်ပွားကြောင်းသတင်းအရ တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ အဆိုပါခြံဝန်းနေထိုင်သူ စိုင်းသီဟ အသက်(၃၈)နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့ စကားများရန်ဖြစ်စဉ် စိုင်းသီဟက ဓားဖြင့် ခုတ်မည် ခြိမ်းခြောက်ပြောဆို​နေစဉ် ဇနီးသည်၏ မောင်ဖြစ်သူ သက်ဇော် ၂၇ နှစ်က သွားရောက် ဟန့်တားခဲ့သည်။

ထိုသို ဟန့်တားသည်ကိုမကျေနပ်သဖြင့် စိုင်းသီဟက ခြံအတွင်း နေထိုင်သူ မိသားစုဝင်များကို ဓားဖြင့်လိုက်ခုတ်ခဲ့ပြီး ဇနီးဖြစ်သူ၏ လေဖြတ်နေသည့် ဖခင်ဖြစ်သူ အသက် ၇၅ နှစ်အရွယ်ကို ဓါးဖြင့်ခုတ်သဖြင့် ဦးခေါင်း၊ ပါး၊ လည်ပင်းတို့တွင် ဓားဒဏ်ရာများရရှိကာ နေရာတွင်သေဆုံးခဲ့ပြီး ဝင်ရောက်တားမြစ်ခဲ့သည့် သက်ဇော်ကိုပါ ဓားဖြင့်ခုတ်သဖြင့် လက်မတစ်ချောင်းပြတ်ထွက်နှင့် လက်များတွင် ဓားဒဏ်ရာရရှိ၍ တာချီလိတ်ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။

တာချီလိတ်မြို့မ ရဲစခန်းက  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/  ၃၂၄ တို့အရအမှုဖွင့်အရေးယူထားသည်။