လှိုင်သာယာမြို့နယ်တွင် ခြံစည်းရိုးခတ်ပေးခ ကျန်ငွေ သိန်း ၃၃၀ တောင်းယူစဉ် အပြန်အလှန်စကားများခဲ့ရာက အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ထွက်ပြေးခဲ့သည် ဆိုသူ လေးဦးကို သက်ဆိုင်ရာက ယနေ့ (စက်တင်ဘာ ၂၇ ရက်)တွင် အင်းစိန်မြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ သိရသည်။
စက်တင်ဘာ ၂၆ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် စောလမွန်(ခ) ဗိုလ်စော(၃၉ နှစ်)၊ စောထွန်းနိုင်(၄၀ နှစ်)၊ စောကြီး(ခ) စောလမွန်(ခ)ဖားကျယ် (၃၁ နှစ်)နှင့် စောညီညီနိုင်(ခ)ဖိုးကုလား(၃၁ နှစ်)တို့ကို လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်(ပ)၉၇၆/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ အရ အမှုကို စစ်ဆေးရန် ရဲတပ်ဖွဲ့က အင်းစိန်မြို့နယ်တရားရုံးသို့ ချုပ်ရမန်တောင်းယူခဲ့ခြင်း ဖြစ်သည်။
အမှုမှာ စက်တင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် အပြင်ပဒံ ကျေးရွာ ဆန်စက်လမ်းနေ ခင်မောင်လွင်(ခ)ဝကြီး (၅၆)နှစ် ကို ခြံစည်းရိုးခတ်ပေးခကျန်ငွေ သိန်း ၃၃၀ တောင်းယူမှုနှင့်စကားများခဲ့စဉ် စောလမွန်(ခ) ဗိုလ်စော(၃၉ နှစ်)ပါ ၄ ဦးတို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ကြသည်။
၄င်းတို့ကို ရဲတပ်ဖွဲ့ဝင်များက တွံတေး မြို့နယ် ရေကျော်လေးကျေးရွာ အောင်ထွန်းချောင်းအတွင်း စက်လှေဖြင့်ထွက်ပြေးစဉ် ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ဖမ်းဆီးရမိစဉ် ပွိုင့် ၄၅ ပစ္စတိုသေနတ် ၁ လက်၊ ၄င်းကျည် ၁ တောင့်၊ ရီမင်တန်တစ်လုံးထိုး သေနတ် ၁ လက်၊ ၄င်းကျည် ၅ တောင့်ကို သိမ်းဆည်းရမိခဲ့သည်။

















