လစ်လပ်နေသည့် ရန်ကုန်တိုင်းဥပဒေချုပ်နေရာတွင် ဒေါ်ခင်မျိုးကြည်ကို စက်တင်ဘာ ၂၇ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခန့်အပ်လိုက် ကြောင်း လွှတ်တော်ဥက္ကဋ္ဌဦတင်မောင်ထွန်း က ကြေညာခဲ့သည်။
လစ်လပ်နေသည့် ရန်ကုန်တိုင်းဥပဒေချုပ် နေရာတွင် ခန့်အပ်ရန် ဒေါ်ခင်မျိုးကြည် အား ရန်ကုန်တိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမည်စာရင်း ကို စက်တင်ဘာ ၂၆ရက်က တင်သွင်းခဲ့သည်။
ထိုသို့တင်သွင်းခဲ့ရာတွင် ကန့်ကွက်လိုက အချက်အလက်ထောက်ပြကန့်ကွက်ရန် လွှတ်တော် ဥက္ကဠ ဦးတင်မောင်ထွန်းက ဖိတ်ခေါ်ထားသောလည်း စက်တင်ဘာ ၂၇ ရက်က ကန့်ကွက်မည့်သူမရှိဘဲ ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်ခဲ့သည်။
" ကန့်ကွက်မယ့်သူမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည်အား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၀ နဲ့အညီ လွှတ်တော်က သဘောတူကြောင်း ကြေငြာပါတယ် " ဟု လွှတ်တော်ဥက္ကဋ္ဌဦတင်မောင်ထွန်းက စက်တင်ဘာ ၂၇ ရက်၌ပြောဆိုသည်။
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့်ပက်သက်၍ လာဒ်ယူခဲ့သည့် ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးကို တရားဆွဲဆိုခံရသည့်အတွက် ယင်းနေရာတွင် ဒေါ်ခင်မျိုးကြည်အား အတည်ပြုခန့်အပ်ခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးဥပေဒချုပ်ဖြစ်လာသည့် ဒေါ်ခင်မျိုးကြည်သည် ၁၉၈၄ ခုနှစ်တွင် ဥပဒေဝန်ထမ်းအဆင့် (၄) အဖြစ်ရွေးချယ်ခန့်အပ်ခံရသည်။ ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊ ညွှန်ကြားရေးမှူးရာထူးရရှိ၍ ၂၀၁၈ ခုနှစ် ဇွန်လတွင် အငြိမ်းစားယူခဲ့သည်။

















