ကိုရီးယားတို့နှင့် ခိုင်မာစွာ ဆက်သွယ်နေသည့် ရုရှား အရှေ့ဖျားဒေသ

ကိုရီးယားတို့နှင့် ခိုင်မာစွာ ဆက်သွယ်နေသည့် ရုရှား အရှေ့ဖျားဒေသ

နာခေါ့ဒ်ကာ (ရုရှား) - ယခုတလော ဗာစီလီကိုလ်ချန်နော့ဗ်သည် အလုပ်အနည်းငယ်သာ ရှိသော်လည်း အလုပ်သို့ နံနက်တိုင်းလာရောက်နေဆဲဖြစ်သည်။

မြောက်ကိုရီးယားက ရေနံဝယ်ယူရာတွင် ၎င်းက ကူညီပေးသည်ဟုဆိုကာ အမေရိကန်ပြည်ထောင်စုက  ၎င်းကို ပြီးခဲ့သည့်လက အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့သည်။ "ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်သင့်သလား၊ ဒါမှမဟုတ် မပစ်သင့်ဘူးလား" ဟု သင်္ဘောကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုလ်ချန်နော့ဗ်က ရုရှားအရှေ့ဖျားဒေသရှိ နာခေါ့ဒ်ကာ သင်္ဘောဆိပ်ကမ်းတွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား အအေးခန်းကုန်တင်သင်္ဘောတစ်စင်းဆိပ်ကမ်းသို့ ချဉ်းကပ်လာရာ အဆိုပါ သင်္ဘောသည် စာရွက်စာတမ်းကိစ္စများနှင့် အခြားဝန်ဆောင်မှုများ ပြုလုပ်ပေးသည့် ၎င်းတို့ကုမ္ပဏီအတွက် အလွန်လိုအပ်နေသည့် အလုပ်အကိုင်ကို ယူဆောင်လာလိမ့်မည်ဟု အသက် ၇၂ နှစ်ရှိ ကိုလ်ချန်နော့ဗ်က မျှော်လင့်ထားသည်။ "ကျွန်တော်တို့ စားဖို့သောက်ဖို့အတွက် ကိုရီးယားတွေက နောက်ဆုံး မျှော်လင့်ချက်ပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။

မော်စကိုမှ မိုင် ၄,ဝ၀ဝ နှင့်အချိန်ဇုန်လေးဇုန်အကွာအဝေး၊ သို့မဟုတ် မြောက်ကိုရီးယားမြို့တော် ပြုံယန်းမှ လေယာဉ်ပျံဖြင့် မိနစ် ၁၀ဝ ကြာ ပျံသန်းရသည့်နေရာရှိ ရုရှားအရှေ့ဖျားဒေသ၏ ကံကြမ္မာသည် ကိုရီးယားကျွန်းဆွယ်နှင့် အမေရိကန်နိုင်ငံတို့သံတမန် ပရိယာယ်ဝေ၀ုစ်အလယ်တွင် ဝဲလည်နေသည်။

မြောက်ကိုရီးယားနိုင်ငံနှင့် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်ရန် လမ်းဖွင့်ပေးသည့် ရလဒ်ကြောင့် မြောက်ကိုရီးယားနယ်စပ်မှ ၁၁၅ မိုင်သာကွာဝေးသည့် နာခေါ့ဒ်ကာကဲ့သို့ မြို့လေးအတွက် ကောင်းကျိုးတစ်ခုဖြစ်နိုင်သည်။ အမှန်တကယ်တွင်မူ ရုရှားအရှေ့ဖျား ဒေသသည် မြောက်ကိုရီးယားနှင့် အလွန်နီးကပ်လွန်းသည့်အတွက် ပြီးခဲ့သည့် နှစ်က ကင်ဂျုံအန်း အစိုးရ၏ နျူကလီးယား ဖောက်ခွဲစမ်းသပ်မှုပြုလုပ်စဉ်အတွင်း မြေကြီးများတုန်ခါခဲ့သည်။ အဆိုပါဒေသနှင့် ကိုရီးယား၏ ရင်းနှီးမှုသည် နက်ရှိုင်း၍ ဝမ်းနည်းဖွယ်ဇာစ်မြစ် အကြောင်းရင်းခံရှိသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက ကိုရီးယားလူမျိုး ၁၇၀,ဝ၀ဝ ခန့် ရုရှား အရှေ့ဖျားဒေသတွင် နေထိုင်ခဲ့ကြသည်။ ထိုစဉ်က ဂျပန်က ကိုရီးယားကို သိမ်းပိုက်ထားရာ စတာလင်က ကိုရီးယားတို့အား ဝန်ထုပ်ဝန်ပိုးအဖြစ် ရှုမြင်ခဲ့သည်။ စတာလင်သည် ကိုရီးယားအားလုံး နီးပါးအားရထားများပေါ်သို့တင်ကာ အာရှအလယ်ပိုင်းသို့ နေရာပြောင်းရွှေ့ပေးခဲ့သည်။

ယခုအခါ ရုရှားအရှေ့ဖျားဒေသသို့ တောင်ကိုရီးယား ခရီးသွားဧည့်သည်လာရောက်မှု များလာကာ ယခုနှစ် ပထမနှစ်ဝက်တွင် တောင်ကိုရီးယားခရီးသွား ၇၀,ဝ၀ဝ ကျော်လာရောက်ခဲ့ရာ မနှစ်ကထက် နှစ်ဆများလာသည်။

မြောက်ကိုရီးယား တာဝန်ရှိသူများကလည်း  စီးပွားရေး အရေးယူပိတ်ဆို့မှုရှိသော်လည်း ကုန်သွယ်မှုတိုးမြှင့်ရန် နည်းလမ်းများရှာဖွေရန် ရုရှားအရှေ့ဖျားသို့ စုရုံးရောက်ရှိလာကြသည်။ ကင်ဂျုံအန်းအစိုးရအား နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရုရှားအရှေ့ဖျား ဒေသတစ်ဝန်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၏ ကျောရိုးဖြစ်သော ဈေးသက်သာသည့် မြောက်ကိုရီးယား အလုပ်သမားများကို နှင်ထုတ်နေသည်ဟု ရုရှားတို့က ညည်းညူကြသည်။

ရုရှားအရှေ့ဖျားဒေသရှိ အကြီးဆုံးမြို့တော် ဗလာဒီဗော့စတော့တွင်  ယခုလ အစောပိုင်းက ဒေသဆိုင်ရာ စီးပွားရေးဆွေးနွေးပွဲတစ်ခု တက်ရောက်ရန် ရုရှားက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့အား ဖိတ်ကြားခဲ့သော်လည်း နှစ်ဦးစလုံးက တက်ရောက်ခဲ့ခြင်းမရှိပေ။ သို့သော် ဆွေးနွေးပွဲ အပိုင်းတစ်ခုတွင် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားအရာရှိများက တောင်ကိုရီးယားမှ ရုရှားရှိ ဆိုက်ဘေးရီးယားဖြတ်ကျော် ရထားလမ်းသို့ ရထားလမ်းတစ်ခု ဆက်သွယ်မည့် အကြံဉာဏ်ကို ကမ်းလှမ်းခဲ့ကာ အဆိုပါရထားလမ်းသည် တောင်ကိုရီးယား ကုန်ပစ္စည်းများ ဥရောပသို့တင်ပို့ရာတွင် လမ်းခရီးကြာချိန်ကို သိသိသာသာ လျှော့ချပေးမည်ဖြစ်သည်။

ရုရှားနယ်စပ်အနီး ဗလာဒီဗော့စတော့တွင် အခြေစိုက်ထားသည့် ကောင်စစ်ဝန်ရုံးမှ သံတမန်မိသားစုများ၊ မြောက်ကိုရီးယားစားသောက်ဆိုင်မှ ဝန်ထမ်းများနှင့် ရုရှားကုမ္ပဏီများသို့ ငှားရမ်းထားသည့် အလုပ်သမားများအပါအဝင် မြောက်ကိုရီးယားလူမျိုးထောင်ပေါင်းများနေထိုင်ကြသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုမှ ထူထူထောင်ထောင်ဖြစ်လာစေရန်  ရုရှား အရှေ့ဖျားဒေသအား အချက်အချာနေရာတစ်ခုအဖြစ် အသုံးပြုနေသည်ဟု အမေရိကန်ပြည်ထောင်စုက စွပ်စွဲပြောကြားသည်။ အဆိုပါ အရေးယူပိတ်ဆို့မှုကို မနှစ်က ရုရှားက မဲပေးခဲ့ပြီး ယခုအခါတွင်မူ ပိတ်ဆို့မှုကို လျှော့ပေးရန် လိုလားနေသည်။

နွယ်နွယ်ယဉ် ဘာသာပြန်သည်။