မော်စကို ” ရုရှားကင်းထောက်လေယာဉ်တစ်စင်းကို အစ္စရေးတို့က စက်တင်ဘာ တတိယအပတ်က ပစ်ချခဲ့ပြီးနောက် ရုရှား၏အရှေ့အလယ်ပိုင်း မဟာမိတ်ဖြစ်သော ဆီးရီးယားသမ္မတ ဘာရှာအာဆတ်အား ထောက်ခံအားပေးမှုကို အရှိန်အဟုန်မြှင့်တင်ရန် ရုရှားက ဆီးရီးယားသို့ အဆင့်မြင့် လေယာဉ်ပစ်ဒုံးကျည်များ ပေးပို့ကာ ဆီးရီးယား၏ လေကြောင်းကာကွယ်ရေးကွန်ရက်နှင့် တိုက်ရိုက်ချိတ်ဆက်မည်ဖြစ်သည်။
ရုရှား စစ်မှုထမ်း ၁၅ ဦးသေဆုံးခဲ့သည့် လေယာဉ်ပစ်ချခံရမှုတွင် ထိုအချိန်က ဆီးရီးယားနိုင်ငံတွင်းရှိပစ်မှတ်များကို တိုက်ခိုက်လျက်ရှိသော အစ္စရေးလေယာဉ်များကြောင့်ဖြစ်ရသည်ဟု ရုရှားက အစ္စရေးကိုအပြစ်တင်ခဲ့သည်။ ဆီးရီးယားသို့ အက်စ်- ၃၀ဝ လေကြောင်း ကာကွယ်ရေးစနစ် မပေးအပ်ရန် ၂၀၁၃ ခုနှစ်က အစ္စရေးတို့က ရုရှားသို့ တောင်းဆိုထားရာ ရုရှားတို့က ဆိုင်းငံ့ထားရန် သဘောတူညီခဲ့သည်။
သို့သော် ယခုလ တတိယအပတ်က လေယာဉ်ပစ်ချခံရပြီးနောက် အခြေအနေ ပြောင်းလဲသွားသည်ဟု ကာကွယ်ရေးဝန်ကြီး ဆာဂေရှိုင်ဂူးက နိုင်ငံပိုင်ရုပ်မြင်သံကြားမှ နေ၍ တိုက်ရိုက်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတဗလာဒီမာပူတင်သည် စက်တင်ဘာ ၂၄ ရက်က အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားရာတွင် အစ္စရေးလေယာဉ်မ·းများ၏လုပ်ရပ်သည် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်အတွက် အဓိကအကြောင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပူတင်က ဆီးရီးယားသို့ အက်စ် ၃၀ဝ လေကြောင်းကာကွယ်ရေးကွန်ရက်ပေးအပ်မှုနှင့် အခြား ထောက်ပံ့မှုများသည် လောလောဆယ်အခြေအနေ၌ သင့်တော်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။
လေယာဉ်ပစ်ချခံရပြီးပြီးချင်းတွင် ပူတင်က အစ္စရေးအရေးပေါ် သဘောထား ပျော့ပြောင်းပုံရသော်လည်း စက်တင်ဘာ တတိယသီတင်းပတ်က နေတန်ရာဟုနှင့် ဖုန်းပြောကြားခဲ့ရာ တွင် ပူတင်က မည်သည့်လက်တုံ့ပြန်မှုမှ ပြုလုပ်မည်မဟုတ်ဟု မပြောခဲ့ကြောင်းနှင့် နောင်တွင် အလားတူအဖြစ်မျိုးမဖြစ်ရန် ကာကွယ်ရန်သာ သဘော တူညီကြောင်း ပြောကြားခဲ့သည်။
သို့သော် စက်တင်ဘာ ၂၄ ရက်တွင်မူ ရုရှားအစိုးရသည် တင်းမာသည့်ရပ်တည်ချက်တစ်ခုချမှတ်ရန် လေယာဉ်ပစ်ချခံရမှုကို အစ္စရေးလေယာဉ်မ·းများက တမင်တကာပြုလုပ်သည်ဟု အပြစ်တင်ကာ အစ္စရေး၏ ဖြေရှင်းချက်များသည် လက်ခံယုံကြည်နိုင်ဖွယ်မရှိဟု ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ် ကော့ဗ်က ပြောကြားသည်။
မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ် အက်စ် ၃၀ဝ ကို ဆီးရီးယားသို့ နှစ်ပတ်အတွင်း ပေးပို့မည်ဟု ရှိုင်ဂူးကပြောကြားသည်။ ဆီးရီးယား လေကြောင်းကွပ်ကဲမှုဌာနများကို ရုရှား ကွပ်ကဲရေးနေရာများနှင့် အလိုအလျောက်စနစ်များဖြင့် တိုက်ရိုက် ချိတ်ဆက်မည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ "အရေးကြီးဆုံးကတော့ ဒီလိုချိတ်ဆက်တာဟာ ရုရှားလေယာဉ်တွေကို ဆီးရီးယားလေကြောင်းကာကွယ်ရေးက သိရအောင်ဖြစ်ပါတယ်"ဟု ပြောကြားသည်။
"ဒါက ဆီးရီးယား လေကြောင်းကာကွယ်ရေးကို အဆင့်အတန်းသစ်တစ်ခု ရောက်သွားစေပါလိမ့်မယ်။ ဒါက သူတို့အတွက် အစ္စရေးတိုက်ခိုက်မှုတွေကနေ လုံခြုံစိတ်ချရအောင် လုပ်မပေးနိုင်ပေမဲ့ အကြောင်းအရာတွေပိုပြီး ရှုပ်ထွေးလာပြီး ဆုံးရှုံးမှုအန္တရာယ် များလာလိမ့်မယ်။ ဒီစနစ်တွေကို မသုံးနိုင်ခင်မှာဘဲ အဲဒီစနစ်ကို ဖျက်ဆီးဖို့ ကြိုးစားတာ အပါအဝင် အစ္စရေး၊ ဒါမှမဟုတ် အမေရိကန်ဆီက တုံ့ပြန်မှုဖြစ်စေနိုင်တယ်" ဟု မော်စကိုအခြေစိုက် ကာကွယ်ရေးဆိုင်ရာ ဝေဖန်ဆန်းစစ်သူ အန်တွန်လက်ဗ်ရော့က ပြောကြားခဲ့သည်။
ဆီးရီးယားတပ်ဖွဲ့များသို့ အက်စ် ၃၀ဝ လေကြောင်းကာကွယ်ရေးစနစ် ထောက်ပံ့ပေးအပ်ခြင်းနှင့် အဆိုပါ စနစ်အား ရုရှားတို့က စီမံခန့်ခွဲမည်ဆိုသည့် မော်စကို၏ဆုံးဖြတ်ချက်သည် ဆီးရီးယား မဟာမိတ်များအား ထိန်းချုပ်ထားခြင်းဖြစ်သလို ရုရှားနိုင်ငံကို အစ္စရေးတို့က ပိုမိုအလေးထား သတိပြုမိစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု မော်စကို ကာနေဂျီစင်တာမှ ဒါရိုက်တာဖြစ်သူ ဒီမီထရီ ထရီနင်က ဆိုသည်။
ဆီးရီးယားနိုင်ငံသို့ လေယာဉ်ပစ်ဒုံးကျည်များထောက်ပံ့ပေးအပ်ခြင်း၏ လတ်တလောရည်ရွယ်ချက်မှာ ရုရှား လေယာဉ်များကို မတော်တဆပစ်ချခြင်းမှ ကာကွယ်ရန်ဟု ရုရှားက ပြောကြားသော်လည်း အက်စ် ၃၀ဝ ပေးအပ်ခြင်းသည် ဆီးရီးယား၏ ကာကွယ်ရေးစွမ်းအားကို တိုးမြှင့်ပေးလိုက်ခြင်းပင်ဖြစ်သည်ဟု သုံးသပ်ကြသည်။


















