ဗင်နီဇွဲလားသမ္မတကို လုပ်ကြံရန်ကြိုးပမ်းမှုတွင် နိုင်ငံခြားသံတမန်များပါဝင်နိုင်ဟုဆို

ဗင်နီဇွဲလားသမ္မတကို လုပ်ကြံရန်ကြိုးပမ်းမှုတွင် နိုင်ငံခြားသံတမန်များပါဝင်နိုင်ဟုဆို

ကာရာကာ့စ်-ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွင် လက်တင်အမေရိက သုံးနိုင်ငံမှ သံတမန်များ အရေးပါသောအခန်းမှ ပါဝင်နိုင်ဖွယ်ရှိသည်ဟု ဗင်နီဇွဲလားအစိုးရက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံခြားအစိုးရ များကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံ ကာရာကာ့စ်မြို့တွင် တာဝန်ထမ်းဆောင်နေကြသော ကိုလံဘီယာ၊ ချီလီနှင့် မက္ကဆီကို နိုင်ငံများမှ သံရုံးဝန်ထမ်းများသည် မာဒူရိုအား တိုက်ခိုက်မှုတွင် အကူအညီပေးခြင်း၊ သို့မဟုတ် ၎င်းတိုက်ခိုက်မှု ဖြစ်ပေါ်ရေးအတွက် ကူညီရန် ဆန္ဒရှိပုံပေါ်သည်ဟု ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီး ဂျော်ဂျီ ရိုဒရီဂွက်ဇ်က ပြောကြားခဲ့သည်။

"ကိုလံဘီယာ၊ ချီလီနှင့် မက္ကဆီကိုနိုင်ငံတွေက နိုင်ငံခြား ရေးဝန်ကြီးတွေဆီကို အခုအဖမ်းခံထားရတဲ့ လူတွေရဲ့ဖြောင့်ချက်ပေးတာတွေကို ပေးပို့ဖို့ အဆင်သင့်ဖြစ်နေပါပြီ" ဟု ရိုဒရီဂွက်ဇ်က ပြောကြားပြီး ၎င်းတို့၏ သံတမန်များပါဝင်ခဲ့ဖွယ်ရှိသည့် အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးပေးရန် သက်ဆိုင်ရာနိုင်ငံများအား တိုက်တွန်းခဲ့သည်။ သြဂုတ် ၄ ရက်က ပြင်ပတွင်ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတစ်ခု၌ သမ္မတ မာဒူရို မိန့်ခွန်းပြောနေချိန် တွင် သူ၏အနီး၌ ပေါက်ကွဲပစ္စည်းများ အပြည့်တင်ဆောင်ထားသော ဒရုန်းလေယာဉ်နှစ်စင်း ပေါက်ကွဲခဲ့သည်။ မာဒူရို ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း ထိုဖြစ်ရပ်မှာ ၎င်းကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဗင်နီဇွဲလား အရာရှိများကဆိုသည်။ အတိုက်အခံ လွှတ်တော်အမတ်တစ်ဦး အပါအဝင် လူတစ်ဒါဇင်ကျော် ဖမ်းဆီးအကျဉ်းချထားပြီး နောက်ထပ် သင်္ကာမကင်းသူ သုံးဦးကိုလည်း ဖမ်းဆီးရမိကြောင်း စက်တင်ဘာ ၂၃ ရက်တွင် ဗင်နီဇွဲလားအရာရှိများက ကြေညာခဲ့သည်။ ကိုလံဘီယာနိုင်ငံတွင် ပြည်ပြေးဘဝဖြင့်နေထိုင်နေ သော အတိုက်အခံလွှတ်တော်အမတ် ဂျူလီယို ဘောဂျက်ကို ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း ဗင်နီဇွဲလားအရာရှိများက ပြောကြားခဲ့သည်။

တင်စိန် ဘာသာပြန်သည်။