ဒွန်မောင်း၊ သုဝဏ္ဏဘူမိနှင့် အူတာပေါင်လေဆိပ်များအား ဆက်သွယ်မည့်မြန်နှုန်း မြင့်ရထားလမ်း ကန်ထရိုက်ရရှိသည့် တင်ဒါအောင်မြင်သူကုမ္ပဏီအား လာမည့်နှစ် ဇန်နဝါရီတွင် ကြေညာပြီး စာချုပ်ချုပ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရမီးရထားဌာနက ကြေညာသည်။
ရထားဌာနယာယီအုပ်ချုပ်ရေးမှူး ဝိုရာဝတ်မာလာက ယခင်တင်ဒါစာရွက် စာတမ်းများဝယ်ယူထားသော ကုမ္ပဏီ ၃၁ ခုမှာ ကိုယ်စားလှယ်များတက်ရောက်သည့် ဒုတိယအကြိုတင်ဒါအစည်းအဝေးတွင် စက်တင်ဘာ ၂၄ ရက်က ပြောသည်။ ဇွန်နှင့် ဇူလိုင်လကရောင်းချခဲ့သည့် တင်ဒါစာရွက်စာတမ်းများမှာ ဘတ်တစ်သန်းခန့် အသီးသီး တန်ကြေးရှိခဲ့သည်။
အဆိုပါဘတ် ၂၂၄ ထရီလီယံတန် ဒွန်မောင်း၊ သုဝဏ္ဏဘူမိနှင့် အူတာပေါင်လေဆိပ်များအား ဆက်သွယ်မည့်မြန်နှုန်းမြင့်ရထားလမ်း တင်ဒါပိတ်ရက် အဖြစ် ထိုင်းအစိုးရမီးရထားဌာနက နိုဝင်ဘာလ ၁၂ ရက် နောက်ဆုံးသတ်မှတ်ထားသည်။လုပ်ငန်းစီမံကိန်းနှင့်ပတ်သက်ပြီး ကုမ္ပဏီများက မေးခွန်း ၆၀ဝ ခန့်မေးထားရာ ထက်ဝက် ခန့်ဖြေကြားထားကြောင်း မေးခွန်းအများစုမှာ တင်ဒါစည်းမျဉ်း၊ မြေယာလျော်ကြေးနှင့် ရထားလမ်းတစ်လျှောက် စီးပွားရေးအရ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ များဖြစ်ကြောင်း ရထားဌာနယာယီအုပ်ချုပ်ရေးမှူး ဝိုရာဝတ်မာလာက ဆိုသည်။
အဆိုပါ ဒွန်မောင်း၊ သုဝဏ္ဏဘူမိနှင့် အူတာပေါင်လေဆိပ်များအား ဆက်သွယ်မည့်မြန်နှုန်းမြင့် ရထားလမ်းတွင် လမ်းအရှည်ကီလိုမီတာ ၂၂၀ ရှည်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ နှုန်းဖြင့်မောင်းနိုင်ကြောင်း ဆိုသည်။ ယခုမဟာစီမံကိန်းမှာ ချာချွန်ဆောင်၊ ချွန်ဘူရီ၊ ရနောင်းတို့အထိဆက်စပ်မည့် ထိုင်းအစိုးရ၏ အရှေ့ဖျားစီးပွားရေစင်္ကြံလမ်း နနဃ စီမံ ကိန်းနှင့်အညီဖြစ်သည်။ သို့သော် ထိုစီမံကိန်းမှာ ကုမ္ပဏီနှင့် ထိုင်းရထားဌာနတို့ စာမချုပ်မီ သဘာဝရင်းမြစ်နှင့်ပတ်ဝန်းကျင်မူဝါဒနှင့် စီမံကိန်းရုံး၏ ပတ်ဝန်းကျင် သက်ရောက်မှုအကဲဖြတ်ချက်စိစစ်မှု အောင်မြင်ရန်လိုအပ်ကြောင်း ရထားဌာနယာယီ အုပ်ချုပ်ရေးမှူး ဝိုရာဝတ်မာလာက ဆိုသည်။
















