ဖိလစ်ပိုင်၌ ဆန်ဈေးကြီးမှုထိန်းချုပ်ရန် ပြည်ပမှ ဆန်တင်သွင်းမည်

ဖိလစ်ပိုင်၌ ဆန်ဈေးကြီးမှုထိန်းချုပ်ရန် ပြည်ပမှ ဆန်တင်သွင်းမည်

လယ်ယာစိုက်ပျိုးရေးဝန်ကြီး အီမန်နျူယယ်ပီနောက စက်တင်ဘာ ၂၄ ရက်တွင် ပြောရာ၌ ဖိလစ်ပိုင်တွင် ဆန်ဈေးကြီးမှုကိုထိန်းချုပ်ရန်အတွက် အမျိုးသားစားနပ်ရိက္ခာ ကောင်စီအတည်ပြုချက်ဖြင့် ၂၀၁၉ ခုနှစ်အတွက် ပြည်ပမှဆန်တန်ချိန်တစ်သန်းတင်သွင်းတော့မည်ဟု ဆိုသည်။

လက်ရှိအမျိုးသားစာနပ်ရိက္ခာကောင်စီ အကြီးအကဲလည်း ဖြစ်သူ လယ်ယာစိုက်ပျိုးရေဝန်ကြီး အီမန်နျူယယ်ပီနောကပြောရာတွင် လက်ရှိနှစ်တွင် လည်း ထပ်ဆောင်းဆန်တန်ချိန် ၇၅၀ဝ၀ဝ တင်သွင်းကြောင်း ဆိုသည်။ ယခုသတင်းမှာ ဆန်သိုလှောင်ဈေးကစားသူများအတွက်လည်း သတိပေးချက်ဖြစ်ကြောင်း ယင်းကဆိုသည်။

ပြည်ပမှထပ်တင်သွင်းလာမည့်ဆန်များမရောက်မီ သင့်လက်ထဲမှဆန်များကို ထုတ်ရောင်း ရန်လိုကြောင်း ဆိုသည်။ ယခုနှစ်အတွင်း ဆန်တန်ချိန်တစ်သန်းတင်သွင်းထားသည့် တိုင်အောင် ဆန်ဈေးမှာတက်နေဆဲဖြစ်သည်။ နောက်ဆုံးထုတ် ဖိလစ်ပိုင်စာရင်းအင်းဌာန အဆိုအရ စက်တင်ဘာဒုတိယပတ်တွင် ဆန်ချောဈေးမှာ တစ်ကီလိုလျှင် ပီဆို ၄၈ ဒသမ ၈၀ ဖြစ်ပြီး ယမန်နှစ်ကာလတူထက် ၁၅ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ပုံမှန်ဆန်ဈေးမှာ တစ်ကီလိုလျှင် ပီဆို ၄၅ ဒသမ ၂၇ ဖြစ်ပြီး ယမန်နှစ်ကာလတူထက် ၂၀ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

ယခင်က ဖိလစ်ပိုင်သည် ဆန်ကို ဗီယက်နမ်၊ ထိုင်းတို့မှတင်သွင်းနေကျဖြစ်သော်လည်း ယခုအခါ သူတို့နိုင်ငံများတွင်လည်း စားသုံး မှုနှင့် လူဦးရေတိုးနေသဖြင့် များများမပို့နိုင်တော့ကြောင်း ယင်းကဆိုသည်။