အောင်ဆန်းကွင်းဆိုင်ခန်း ငှားခ တိုးမြှင့်ကောက်ခံရန်နှင့် ရုပ်ရှင်ရုံများ ငှားရမ်းခ ပြင်ဆင်သတ်မှတ်ရန် အကြံပြု

အောင်ဆန်းကွင်းဆိုင်ခန်း ငှားခ တိုးမြှင့်ကောက်ခံရန်နှင့် ရုပ်ရှင်ရုံများ ငှားရမ်းခ ပြင်ဆင်သတ်မှတ်ရန် အကြံပြု

ရန်ကုန်မြို့လယ်ရှိ အချက်အခြာကျသည့် နေရာတွင် တည်ရှိသည့် အောင်ဆန်းအားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းများငှားရမ်းခမှာ တစ်လလျှင် ကျပ် တစ်သောင်းကျော်သာ ရှိသည့် အတွက် တိုးမြှင့်ကောက်ခံရန် နှင့် ရုပ်ရှင်ရုံများငှားရမ်းခများနည်းပါးသည့် အတွက် နှုန်းထားပြင်ဆင်သတ်မှတ် ရန် လိုအပ်ကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အကြံပြု တိုက်တွန်းခဲ့သည်။

"အောင်ဆန်းကွင်း ဆိုင်ခန်းပေါင်း ၃၀ဝကျော်ရှိတယ် ။ ဆိုင်ခန်းတစ်ခန်းဝင်ငွေဟာ တစ်လငှားရမ်းခက သောင်းဂဏန်းပဲရှိပါတယ် ။ ဒါတွေက မဖြစ်သင့်ပါဘူး။ ဗိုလ်ချုပ်ရဲ့ ဂုဏ်ပုဒ်ကို အတည်ပြုသင့်တဲ့အတွက်ကြောင့် အောင်ဆန်းကွင်းကြီးကို ပြင်သင့်ပါတယ် ။ နိုင်ငံတကာ အဆင့်မီအောင် ။ ဆိုင်ခန်းတွေက ဒေသပေါက်ဈေးရသင့်ရထိုက်တဲ့ ငွေနဲ့ရအောင်ယူပြီးရင်ရတဲ့အနေအထားရှိပါတယ် ။ အခုတော့ ကျွန်တော်တို့နိုင်ငံမှာ မန္တလေး ၊ နေပြည်တော် ၊ ရန်ကုန် အားကစားကွင်းဒါပဲရှိတယ် ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းကွင်းဆိုတာနဲ့ လျော်ညီစွာ ပြင်သင့်ပါကြောင်း " ဟု တင်ပြခဲ့သည်။

ထို့ပြင် စလင်းအားကစားကွင်းတွင် ဆိုင်ခန်း ၃၃ ခန်းမှ ကျပ် ၂ ဒသမ ၃၅၉ သန်း ၊ ပဒုမ္မာကွင်း ကျပ် ၁၅ ဒသမ ၅၀၅ သန်း သာ ရရှိထားသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ ငွေစာရင်းကော်မတီတို့က အစီရင်ခံစာများကို တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ဦးက စက်တင်ဘာ ၂၆ ရက်တွင် လွှတ်တော်အတွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့တော်အတွင်းရှိ ရုပ်ရှင်ရုံကြီးများ ငှားရမ်းခြင်းမှ ရရှိသည့် ဝင်ငွေမှာလည်း နည်းပါးနေသည့် အခြေအနေကြောင့် ရုပ်ရှင်ရငှားရမ်းခများကို ပြန်လည်ပြင်ဆင် ငှားရမ်းရန် အကြံပြုတိုက်တွန်းခဲ့သည်။

"ရုပ်ရှင်ရုံတွေလည်း ရှိတာက ၁၄ ရုံ၊ ငှားထားတာက ၁၁ ရုံ ၊ ၇ ရုံထုတ်လုပ်ပြီးတင်ပြတာ ။ သမ္မတရုံ ယခင် ကျပ် ၁၇ သိန်း ၊ ကျပ် ၅၂ သိန်းတိုးလာတယ် ။  မြန်မာ့ရုပ်ရှင်အဆင့်အတန်းကို နိုင်ငံတကာအဆင့်မီစေဖို့ ရုံမှာ ငှားတဲ့ငွေတွေဟာ ရသင့်ရထိုက်တဲ့ ငွေထက်နည်းနေပါတယ်။ နည်းနေတဲ့ငွေက လုပ်ငန်းရှင်တွေပဲရသွားတယ် ။ ဒီအနေအထားက လက်ခံဖွယ်ရာ မရှိပါဘူး ၊ ရုံ ၆ ရုံက လုပ်ငန်းရှင်တစ်ဦးထဲက ငှားတာပါ ။ ဒီရုံတွေက တကယ်တမ်းကျတော့ အနုပညာအသိုင်းအဝိုင်းကကြားနေရတယ် ။ ဒီရငှားခက နှစ်ဆပေးနိုင်သောလုပ်ငန်းရှင်များက သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးနဲ့ ဝန်ကြီးချုပ်ကို တင်ပြပြီးသားပါ ဒါတွေက ဘေးကိုရောက်သွားအနေအထားရှိပါတယ် ။ ဒါလေးတွေက အထူးပြန်စစ်ရမယ့် အနေအထားဖြစ်ကြောင်း ဒီလွှတ်တော်မှာ တင်ပြလိုပါတယ် ၊ အများကြီးနည်းပါတယ် ၊ သမ္မတရုံက ကျပ် ၅၂ သိန်းပဲရပါတယ်။
ရှေ့ဆောင်က ကျပ် ၃၅ သိန်း ၊ နေပြည်တော်က ကျပ် ၃၂ သိန်းပဲရပါတယ် " ဟု ဦးကျော်ဇေယျက တင်ပြခဲ့သည်။

ဝဇီရာ ( ၂ ) တစ်နှစ်ဌားရမ်းခ ကျပ် ၁၅ သိန်း ၊ စံပြရုပ်ရှင်ရုံ ကျပ် ၁၂ သိန်း ၊ နဝဒေးရုပ်ရှင်ရုံ ကျပ် ၄၅ သိန်း ဝင်ငွေရရှိ ထားကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး