ရန်ကုန်တိုင်းဒေသကြီးအဆင့် အစိုးရဌာနတိုင်းသည် ကားဝယ်ယူရန် နှစ်စဉ် ဘတ်ဂျက်၌တင်ပြသကဲ့သို့ ကား ဝယ်ယူခွင့်မရပါက အကြီးစားကားပြင်ဆင်စရိတ်များကို တင်ပြနေခြင်းကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်စစ်ဆေးရန်လိုအပ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေး ကော်မတီဝင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောဆိုသည်။
စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်း အဝေးတွင် ၂၀၁၈-–၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ အကြီးစားပြင်ဆင်စရိတ်တင်ပြ
"၂၀၁၈–၂၀၁၉ ဘဏ္ဍာနှစ်အသုံးစရိတ် လျာထား ဘတ်ဂျက်ငွေများကို စတင်ဆွေးနွေးစဉ်ကတည်းက ဌာနဆိုင်ရာများ ကားဝယ်ယူတဲ့ကိစ္စကို ကန့်ကွက်ဆွေး နွေးခဲ့ပါတယ်။ သို့သော် ယခု ၂၀၁၈ -–၂၀၁၉ ရသုံးငွေ စာရင်း၏ ငွေလုံးငွေရင်းအသုံးစရိတ်ကို ပြန်လည် စစ်ဆေးကြည့်တဲ့အခါမှာလည်း ဌာန ၁၀ ခုမှာ ရုံးသုံးယာဉ် ၃၅ စီးနဲ့ ဆိုင်ကယ် ၂၃ စီးဝယ်ယူဖို့ ပြန်ပါလာတာကို တွေ့ရပါတယ်။ ထို့အတူ ကားဝယ်ယူခွင့်မရရှိသော ဌာနများကလည်း အကြီးစားကားပြင်ဆင်စရိတ်တွေ တင်ထား ကြတာတွေကို တွေ့ရပါတယ်။ အကြီးစားပြင်ဆင်စရိတ် တစ်နှစ်စာ ကျပ် ၁၀ သိန်းတင်ထားတာကို တွေ့ရှိရပါတယ်"ဟု ဦးရန်ရှင်းက ပြောဆိုသည်။
ထို့ကြောင့် ယခုဘတ်ဂျက်တွင် ပါဝင်သာ လမ်းဦးစီး ဌာနနှင့် စည်ပင်သာယာရေးကော်မတီမှ ဝယ်ယူမည့် လူစီးရုံးသုံးယာဉ်များအတွက် သုံးစွဲမည့် ကျပ် ၁ယ၂၃၅ သန်းကို ပြန်လည်စိစစ်ပြီး ပြည်သူများနှင့် ဖွံ့ဖြိုးလုပ်ငန်း များအတွက် ခေါင်းစဉ်ပြောင်းသုံးစွဲရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
အချိုးညီမျှစွာ ခွဲဝေခြင်းမရှိ
ထို့အပြင် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများချထားပေးရာ၌ ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်ကို အချိုးညီမျှ စွာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ရမည်ဟု မကြာခဏ ပြောကြားနေသော်လည်း အမှန်တကယ်လိုအပ်ချက်ရှိနေ သည့် မြို့နယ်များအား အချိုးညီမျှစွာ ခွဲဝေပေးထားမှု မရှိခြင်းကို တွေ့ရှိရကြောင်း ဦးရန်ရှင်းက ဆက်လက် ဆွေးနွေးခဲ့သည်။
















