အီရန်၌ လျှို့ဝှက်အဏုမြူဂိုဒေါင်ရှိနေဟု ကုလညီလာခံတွင် အစ္စရေးဝန်ကြီးချုပ်တင်ပြမှု လုပ်ကြံဖန်တီးမှုဟု အီရန်တုံ့ပြန်

အီရန်၌ လျှို့ဝှက်အဏုမြူဂိုဒေါင်ရှိနေဟု ကုလညီလာခံတွင် အစ္စရေးဝန်ကြီးချုပ်တင်ပြမှု လုပ်ကြံဖန်တီးမှုဟု အီရန်တုံ့ပြန်

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောရာ၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတာယာဟုက အီရန်တွင် လျှို့ဝှက်အဏုမြူပစ္စည်းသိုလှောင်ရုံ ရှိနေကြောင်း အထောက်အထားများဖြင့် စွပ်စွဲချက်သည် အနုပညာဖန်တီးမှုများနှင့် လုပ်ကြံမှုသာဖြစ်ကြောင်း အီရန်ဘက်က တုံ့ပြန်ခဲ့သည်။

စက်တင်ဘာ ၂၇ ရက် တင်ပြချက်တွင် နေတာယာဟုက အီရန်အပေါ်ရိုက်ကူးထားသည့် ကောင်းကင်ဓာတ်ပုံ အချို့ကို ပြသပြီး အဏုမြူပစ္စည်းနှင့် ကိရိယာများ တန် ၃၀ဝ ခန့် လျှို့ဝှက်သိမ်းဆည်းထားကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်ကာ အမေရိကန်၏ပိတ်ဆို့မှုခံနေရသည့် အီရန်ကို ဥရောပနိုင်ငံအချို့က ချော့မော့ အလျှော့ပေးနေကြောင်းလည်း ပြောဆိုခဲ့သည်။

အစ္စရေး၏တင်ပြချက်သည် အနုလက်ရာမြောက်ဖန်တီးသည့် လိမ်လည်မှုဖြစ်ပြီး ၄င်းတို့ကိုယ်တိုင် ၄င်းတို့၏ နျူကလီးယားအစီအစဉ်အတွက် ရှင်းလင်းရန်လိုအပ်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ပြောဆိုခဲ့သည်။ အစ္စရေးသည် နျူကလီးယားလက်နက်ပိုင်ဆိုင်ကြောင်း နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ကြပြီး အစ္စရေးကမူ မည်သည့်အခါမျှ လူသိရှင်ကြား ဝန်ခံခဲ့ခြင်းမရှိပေ။

ဒေသတွင်း၌ အစ္စရေးသည် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သည့် အရှိတရားကို စင်ပြိုင်ဖြစ်ပေါ်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖန်တီးခြင်းသာဖြစ်ကြောင်းလည်း အီရန်ဘက်က တုံ့ပြန်ခဲ့သည်။ တီဟီရန်အနီးရှိ ရှိုအူရာဘက်ဒေသတွင် အီရန်အာဏာပိုင်များသည် ရေဒီယိုသတ္တိကြွပစ္စည်းအချို့ကို ရှင်းလင်းနေကြောင်း၊ ယင်းကြောင့် မြို့တော်နေသူများအနေဖြင့် ဂိုက်ကာကောင်တာ(ရေဒီယိုသတ္တိကြွတိုင်းတာရေးကိရိယာ)များ ဝယ်ယူထားသင့်ကြောင်းလည်း နေတာယာဟုက ပြောဆိုခဲ့သည်။

အီရန်သည် ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကိုလိုက်နာခြင်းရှိမရှိ စောင့်ကြည့်နေသည့် နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီကလည်း အစ္စရေး၏စွပ်စွဲချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ပေ။