ပစိဖိတ်သမုဒ္ဒရာအတွင်းမိုက်ခရိုနီးရှားကျွန်းစုတွင် ခရီးသည်လေယာဉ်တစ်စင်းစက်တင်ဘာ ၂၈ ရက်ကရေပြင်ပေါ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရပြီးခရီးသည်အားလုံးအသက်ရှင်ခဲ့ကာအနီးရှိလှေများဖြင့် ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြကြောင်းသိရသည်။
နျူဂီနီလေကြောင်းလိုင်းလေယာဉ်သည် ချုခ်ကျွန်းသို့ ဆင်းသက်စဉ် ပြေးလမ်းကျော်သွားကာရေပြင်ထဲအရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။ လူခုနစ်ဦးကိုဆေးရုံတင်ကုသပေးထားရကြောင်းသိရသည်။ ရေပေါ် ပေါလောပေါ်နေသောလေယာဉ်ထဲမှ ခရီးသည်များကိုလှေများဖြင့် ဝိုင်းဝန်းကယ်ဆယ်ခဲ့ရသည်။
“လူသေဆုံးမှု တစ်မှုမှမရှိခဲ့တာတကယ်ကံကောင်းပါတယ်” ဟုမိုက်ခရိုနီးရှားကျွန်းစုလေကြောင်းလုံခြုံရေးအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူဂလင်းဟားရစ်ကပြောသည်။ လေယာဉ်သည် ချုခ်ကျွန်းမှ အရှေ့ဘက် ၄၃၅ မိုင်အကွာဖွန်ပိုင်ကျွန်းမှ ပျံတက်ခဲ့ပြီးနောက်တွင် ချုခ်ကျွန်းသို့ ဆင်းသက်စဉ် ပြေးလမ်းကျော်သွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၃၀ နှင့် လေယာဉ်အမှုထမ်း ၁၀ ဦးခန့် ပါဝင်ကြောင်းသိရသည်။
ခရီးသည်အများစုသည် မိုက်ခရိုနီးရှား၊ ပါပူအာနယူးဂီနီနှင့် ဩစတြေးလျတို့မှဖြစ်ကြောင်းသိရသည်။ ချုခ်ကျွန်းသည် ရေကြည်လင်ကာဒုတိယကမ္ဘာစစ်အတွင်းကနစ်မြုပ်ခဲ့သောသင်္ဘော ၅၀ ကျော်လည်းရေအောက်ထဲတွင် ရှိနေကာ နိုင်ငံတကာမှ ရေငုပ်သမားများသဘောကျသောနေရာလည်းဖြစ်သည်။
နျူဂီနီလေကြောင်းလိုင်းသည် ပါပူအာနယူးဂီနီ၏ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်ပြီး ၁၉၇၃ ခုနှစ်ကတည်းကလုပ်ငန်းစတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ နျူဂီနီလေကြောင်းလိုင်းသည် ဘိုးရင်း ၇၆၇၊ ၇၃၇ လေယာဉ်များဖြင့် နိုင်ငံတကာသို့ ပျံသန်းလျက်ရှိသလို၊ ဖော်ကာအက်ဖ်-၁၀ဝ၊ ကျူ၄၀ဝ လေယာဉ်များဖြင့်လည်းဒေသတွင်းပျံသန်းလျက်ရှိသည်။

















