အရှေ့အလယ်ပိုင်းပဋိပက္ခ၌ အမေရိကန်ကို စေ့စပ်သူအဖြစ် လက်မခံနိုင်ကြောင်း ပါလက်စတိုင်းခေါင်းဆောင်ပြောဆို

အရှေ့အလယ်ပိုင်းပဋိပက္ခ၌ အမေရိကန်ကို စေ့စပ်သူအဖြစ် လက်မခံနိုင်ကြောင်း ပါလက်စတိုင်းခေါင်းဆောင်ပြောဆို

အရှေ့အလယ်ပိုင်းပဋိပက္ခပြေလည်သွားရေးအတွက် အမေရိကန်ပြည်ထောင်စုကို တစ်နိုင်ငံတည်းသော ကြားဝင်စေ့စပ်သူအဖြစ် လက်မခံနိုင်ကြောင်း ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အက်ဘာစ်က စက်တင်ဘာ ၂၇ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောဆိုလိုက်ပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက ဝါရှင်တန်ရှိ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့၏ရုံးခွဲကိုပိတ်ပစ်ခြင်း၊ ဂျေရုဆလင်အား အစ္စရေး၏မြို့တော်အဖြစ်သတ်မှတ်ခြင်း၊ အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ခြင်းနှင့် ပါလက်စတိုင်းသားဒုက္ခသည်များအားပေးအပ်နေသည့် ရန်ပုံငွေများကို လျှော့ချခြင်းတို့ကို ပြုလုပ်ခဲ့သည့်အတွက် အက်ဘာစ်က ဝေဖန်ပြောဆိုခဲ့သည်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခပြေလည်သွားရေးအတွက် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ သီးခြားတည်ထောင်သည့် အစီအစဉ်ကို သဘောကျပြီး ငြိမ်းချမ်းရေးအစီအစဉ်သစ်ကို လာမည့်လများအတွင်း တင်ပြမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မကြာသေးမီတွင် ပြောဆိုခဲ့ပြီးဖြစ်သည်။

သို့သော် ထရမ့်သည် ဘက်မလိုက်သော စေ့စပ်သူဆိုသည့် အခန်းကဏ္ဍကို ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း အက်ဘာစ်ကပြောဆိုခဲ့သည်။ လက်ရှိအမေရိကန်အစိုးရသည် ယခင်အမေရိကန်အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းချက်များကို ဖျက်ဆီးခဲ့ပြီး ထရမ့်သည်လည်း သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်ကတည်းက အစ္စရေးဘက်ကို ဘက်လိုက်ခဲ့ကြောင်း အက်ဘာစ်က မိနစ် ၄၀ နီးပါးကြား ပြောဆိုမှုအတွင်း ဝေဖန်ပြောဆိုခဲ့သည်။

ထရမ့်က ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ခဲ့သည့် ယမန်နှစ် ဒီဇင်ဘာမှစ၍ ပါလက်စတိုင်းခေါင်းဆောင်ပိုင်းသည် အိမ်ဖြူတော်နှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုကလည်း ပါလက်စတိုင်းသားများအားပေးနေသည့် အကူအညီမှ ဒေါ်လာ သန်း ၅၀ဝ ကျော်ကို ဖြတ်တောက်ခဲ့သည်။

အရှေ့ဂျေရုဆလင်က မြို့တော်အဖြစ်တည်ရှိသည့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို မတည်ထောင်နိုင်မချင်း ငြိမ်းချမ်းရေးရှိလာမည်မဟုတ်ကြောင်း အက်ဘာစ်ကပြောဆိုခဲ့သည်။ အစ္စရေးနှင့် ပါလက်စတိုင်းသားများက နိုင်ငံတစ်နိုင်ငံတည်းသာ လိုချင်ပါကလည်း ၎င်းက ထောက်ခံမည်ဖြစ်ပြီး ယင်းတို့က နှစ်နိုင်ငံသီးခြားလိုချင်ပါကလည်း ၎င်းကထောက်ခံဦးမည်ဖြစ်ကြောင်း၊အစ္စရေးနှင့် ပါလက်စတိုင်းတို့ ကျေနပ်လျှင် ၎င်းလည်း ကျေနပ်ပါကြောင်း ထရမ့်က ယခင်ကပြောဆိုခဲ့ဖူးသည်။