ဒီဂျစ်တယ်လုံခြုံရေးဥပဒေကြမ်းကို ပြင်ဆင်ပေးရန် ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာသမားများ တောင်းဆို

ဒီဂျစ်တယ်လုံခြုံရေးဥပဒေကြမ်းကို ပြင်ဆင်ပေးရန် ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာသမားများ တောင်းဆို

ဘင်္ဂလားဒေ့ရှ်လွှတ်တော်က မကြာသေးမီတွင် အတည်ပြုလိုက်သည့် ဒီဂျစ်တယ်လုံခြုံရေးဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးထားသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေသောကြောင့် ဥပဒေကြမ်းကို ပြင်ဆင်ဖြည့်စွက်ပေးရန် ဂျာနယ်လစ်များနှင့် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုလိုက်ပြီဖြစ်သည်။

ခေတ်ပျက်ဆီသို့ ဦးတည်နေကြောင်း၊ ယခုဥပဒေကြမ်းသည် မီဒီယာ၊ ဒီမိုကရေစီနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို ထိခိုက်စေမည်ဖြစ်ကြောင်း ဘင်္ဂါလီဘာသာဖြင့် ထုတ်ဝေသည့် နေ့စဉ်ထုတ်သတင်းစာ ဆန်းဘတ်၏ အယ်ဒီတာတစ်ဦးဖြစ်သည့် ခန်ဒါကာ မူနီရက်ဇာမန်ကပြောဆိုခဲ့သည်။ ဂျာနယ်လစ်များသည် ဒါကာရှိ အမျိုးသားသတင်းစာကလပ်ရှေ့၌ စက်တင်ဘာ ၂၉ ရက်တွင် ချီတက်ဆန္ဒပြမှုများကိုပြုလုပ်မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၌ သမ္မတသည် လွှတ်တော်က အတည်ပြုသမျှ ဥပဒေနီးပါးကို အတည်ပြုလက်မှတ်ရေးထိုးပေးလေ့ရှိသည်။ ဥပဒေကြမ်းတစ်ခုကို သမ္မတက ခြောက်လအတွင်း လက်မှတ်ရေးထိုးခြင်းမရှိပါက ဥပဒေကြမ်းသည် ဥပဒေအဖြစ် အလိုအလျောက်သက်ရောက်မှုရှိသွားမည်ဖြစ်သည်။

ယခင်ကအတည်ပြုခဲ့သည့် သတင်းဆက်သွယ်ရေးနည်းပညာဥပဒေနေရာတွင် ဒီဂျစ်တယ်လုံခြုံရေးဥပဒေကို အစားထိုးမည်ဖြစ်သည်။ ယခင်ဥပဒေဖြင့် အယ်ဒီတာနှင့်သတင်းထောက်များစွာတို့အား အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ပြီးဖြစ်သည်။ အတိုက်အခံများက အာဏာရှင်အဖြစ် သတ်မှတ်ပြောဆိုခံထားရသည့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဝါဒဖြန့်ချိမှုများမှ နိုင်ငံကိုကာကွယ်ရန် ဥပဒေကြမ်းကို လိုအပ်နေကြောင်း၊ သတင်းစာပညာသည် ပဋိပက္ခများတိုးပွားစေရန်မဟုတ်သလို နိုင်ငံ၏ဂုဏ်သိက္ခာပျက်အောင် လုပ်ဆောင်ရန်လည်းမဟုတ်ကြောင်း ပြောဆိုခဲ့သည်။

အစိုးရ၏လျှို့ဝှက်သတင်းအချက်အလက်သို့မဟုတ် နိုင်ငံတော်လျှို့ဝှက်ချက်များအား ကွန်ပျူတာသို့မဟုတ် ဒီဂျစ်တယ်ပစ္စည်းတစ်ခုခုသုံးကာ စုဆောင်းခြင်း၊ ပေးပို့ခြင်းနှင့် ထိန်းသိမ်းထားခြင်းတို့ကိုပြုလုပ်ပါက ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရမည်ဖြစ်သည်။ အစိုးရအရာရှိများ ၎င်းတို့၏လုပ်ရပ်များအတွက် တာဝန်ခံလာရန် ယင်းကဲ့သို့ သတင်းအချက်အလက်များကို ပုံနှိပ်ဖော်ပြရန်လိုအပ်ကြောင်း ဂျာနယ်လစ်များကပြောဆိုခဲ့သည်။

ရန်လိုပြီး ခြိမ်းခြောက်မှုပါဝင်သော သတင်းအချက်အလက်များကိုပုံနှိပ်ဖော်ပြပါက ထောင်ဒဏ်သုံးနှစ်နှင့် ရပ်ကွက်ကျေးရွာတည်ငြိမ်မှုပျက်စေပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမည့် သတင်းအချက်အလက်များကို လူမှုမီဒီယာများတွင် ဖော်ပြခဲ့ပါက ထောင်ဒဏ် ၁၀ နှစ်အထိကျခံရမည်ဖြစ်သည်။