အထင်မှားဖွယ်မှတ်ချက်များ လူမှုကွန်ရက်ပေါ် ဆက်တိုက်တင်မှုဖြင့် ကန်လျှပ်စစ်ကားကုမ္ပဏီဥက္ကဌကို အစိုးရအေဂျင်စီတစ်ခုတရားစွဲဆို

အထင်မှားဖွယ်မှတ်ချက်များ လူမှုကွန်ရက်ပေါ် ဆက်တိုက်တင်မှုဖြင့် ကန်လျှပ်စစ်ကားကုမ္ပဏီဥက္ကဌကို အစိုးရအေဂျင်စီတစ်ခုတရားစွဲဆို

တွစ်တာလူမှုကွန်ရက်ပေါ်တွင် မမှန်သတင်းနှင့် အထင်အမြင်လွဲမှားဖွယ်မှတ်ချက်များ ဆက်တိုက်ပေးခဲ့သည့် နာမည်ကျော် တက်စ်လာလျှပ်စစ်ကားကုမ္ပဏီဥက္ကဌ အီလွန်မတ်ကို ရာထူးမှဖယ်ရှားစေလိုသည့့် အမေရိကန်အစိုးရ အေဂျင်စီတစ်ခုက တရားစွဲဆိုလိုက်သည်။

အီလွန်မတ်သည် သြဂုတ် ၇ ရက်တွင် တက်စ်လာကုမ္ပဏီကို တစ်ဦးတည်းပိုင်ပြုလုပ်ရန် စဉ်းစားနေကြောင်း မှတ်ချက်များဆက်တိုက်ရေးသားခြင်းဖြင့် ကုမ္ပဏီစီမံသူများနှင့် ရင်းနှီးမြှုပ်နှံသူများကို ရုတ်တရက်အံ့သြစေခဲ့သည်။ တွစ်တာတွင် ပရိသတ် ၂၂ သန်းကျော်ရှိသည့် မတ်သည် တက်စ်လာကို ရှယ်ယာတစ်ခုလျှင့် ဒေါ်လာ ၄၂၀ နှုန်းဖြင့် ပုဂ္ဂလိကပိုင်ပြုရမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းကို အမေရိကန်လုံခြုံရေးနှင့် ငွေကြေးလဲလှယ်ရေးကော်မရှင် (အက်စ်အီးစီ)က မေးမြန်းခဲ့ရာ မတ်၏ကြေညာချက်အတည်ဖြစ်ကြောင်း ၄င်း၏အဆင့်မြင့်အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

ယင်းနောက်တွင် တက်စ်လာ၏ရှယ်ယာဈေးများ ၁၂ ရာခိုင်နှုန်းအထိ ပြုတ်ကျသွားခဲ့သည်။ သြဂုတ် ၂၄ ရက်တွင်မူ မတ်က တက်စ်လာသည် အများပိုင်ကုမ္ပဏီအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ၏ဆန္ဒကြောင့်ဟု အကြောင်းပြခဲ့သည်။

မတ်၏ တွစ်တာမှတ်ချက်များသည် မမှန်ကန်မှု၊ မှားယွင်းတွက်ချက်ထားမှု၊ ထင်ယောင်ထင်မှားဖြစ်စေများ ပါဝင်နေခြင်းကြောင့် ၄င်းအားတက်စ်လာအကြီးအကဲမှ ဖယ်ရှားရန် အက်စ်အီးစီက အမှုဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဝေါလ်စထရိဂျာနယ်က ရေးသားခဲ့ခြင်းဖြစ်သည်။

အီလွန်မတ်နှင့် တက်စ်လာသည် ခွဲမရဟု ရှုမြင်ကြသော်လည်း ၄င်း၏ဆိုးရွားသည့် အပြုအမူများကိုမူ မနှစ်သက်ကြပေ။ လူသားခရီးသည်များအား ဈေးနှုန်းသက်သာစွာဖြင့် အာကာသခရီးပို့ဆောင်ပေးရန် စီစဉ်နေသည့် စပေ့စ်အိပ်က်စ် ဒုံးပျံကုမ္ပဏီတည်ထောင်သူလည်းဖြစ်သည့် အီလွန်မတ်သည် တွစ်တာတွင် မဆင်မခြင်ရေးသားမှုများကြောင့် မကြာခဏ ပြဿနာတက်ခဲ့ရသည်။