မက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအကျင့်ပျက်ခြစားမှု ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရ

မက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအကျင့်ပျက်ခြစားမှု ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရ

မက္ကဆီကိုနိုင်ငံဗီရာခရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းသည် ရာဇဝတ်ဂိုဏ်းများနှင့် ပေါင်းကြံမှု၊ ငွေမည်းခဝါချမှုများအပါအဝင် အကျင့်ပျက်ခြစားမှုများဖြင့် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ကိုးနှစ်  ချမှတ်ခံလိုက်ရကြောင်းသိရသည်။

အုပ်ချုပ်ရေးမှူးဟောင်းဂျာဗာဒါတီကိုထောင်ဒဏ်ချမှတ်လိုက်နိုင်ခြင်းသည် မက္ကဆီကိုတွင် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်းရာထူးအမြင့်ဆုံးအစိုးရအရာရှိတစ်ဦးကို ခြစားမှုဖြင့် အရေးယူနိုင်မှုဖြစ်သော်လည်း ၎င်းသည် ထောင်ဒဏ်ကျခံပြီးသုံးနှစ်ခန့်နေလျှင်ပင် လွတ်ငြိမ်းခွင့် လျှောက်ထားခွင့် ရရှိနေသဖြင့် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။

ဒါတီသည် ပြည်နယ်ဘတ်ဂျက်ငွေများထဲမှ  ဒေါ်လာသန်းပေါင်းများစွာကိုယ်ကျိုးသုံးခဲ့ကြောင်းစွပ်စွဲခံခဲ့ရပြီးနောက် ဗီရာခရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ်မှ အနားယူကာဂွာတီမာလာသို့ ရှောင်တိမ်းသွားခဲ့ပြီး၂၀၁၇ ဇူလိုင်တွင်မှ  မက္ကဆီကိုသို့ ပြန်လွှဲပြောင်းခံရကာ ရုံးတင်စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

ဒါတီသည် ထောင်ဒဏ်အပြင် အိမ်မြေနှင့်တိုက်ခန်း ၄၁ ခုအပါအဝင် ဒေါ်လာသန်း ၁၂၀ ဖိုးခန့် သိမ်းဆည်းခံရသော်လည်းဒဏ်ကြေးမူကားမဆောင်ရကြောင်းလည်းတွေ့ရသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်တို့လည်းစီရင်ချက်ကိုမကျေမနပ်ဖြစ်ရပါတယ်။ ကျုပ်တို့မှာလည်းဥပဒေက ပြဌာန်းထားတဲ့အတိုင်းသာလုပ်ပိုင်ခွင့်ရှိပါတယ်” ဟု ပြည်ထောင်စုရှေ့နေဖိလစ် ပီဂျီးဆက် မန်နော့ဇ်ကပြောသည်။

ဒါတီသည် ထောင်ဒဏ်  လေးနှစ်ခွဲကျခံပြီးသည်နှင့် လွတ်ငြိမ်းခွင့် လျှောက်ထားနိုင်မည်ဖြစ်သလို၊ စီရင်ချက်မချမီထောင်ထဲတွင် နေထိုင်ခဲ့ရသောတစ်နှစ်ခွဲကိုလည်း ဖြည့်ပေါင်းခံစားခွင့်ရမည်ဖြစ်ကြောင်းသိရသည်။