ကွန်ပျူတာ စာစီစာရိုက်သည့်နေရာတွင် မှားယွင်းခဲ့သည့်အတွက် ပလတ်စတစ်ကုလားထိုင် တစ်လုံးကို ကျပ်ခုနှစ်ထောင်အစား ကျပ်ခုနှစ်သောင်းမှားယွင်း၍ ဘက်ဂျက်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ရန် ကုန် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက စက်တင် ဘာ ၂၈ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီးတိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုသည်။
ယင်းသို့ သုံညတစ်လုံးပိုကာ စာမှားရိုက်သည့်ကိစ္စရပ်ကို အရေးယူဆောက်ရွက်ရန်အတွက်လည်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံသို့ အကြောင်းကြားစာပို့ထားပြီးဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
"တစ်လုံးကို ခုနှစ်ထောင်ကျပ်အစား ခုနှစ်သောင်းကျပ်ဆိုပြီးမှားယွင်းပြီးတော့ typing error ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မှာ ကိုယ်စားလှယ်ကြီးရဲ့ ဆွေးနွေးချက်ကတော့ အင်မတန်ကောင်းမွန်ပါတယ်။ မနေ့ကတစ်နေ့လုံး ဆိုရှယ်မီယာအားလုံးမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘက်ဂျက်က ခုနှစ်သောင်းတန်ကုလားထိုင်ဝယ်ယူခြင်းက ကျယ်ကျယ်ပျံ့ပျံ့ဝေဖန်ဆွေးနွေးထားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်တိုင်းရဲ့ ဘဏ္ဍာငွေအရအသုံးဥပဒေဟာ စနစ်တကျရေးဆွဲထားပြီး မြို့ပြနဲ့ ကျေးလက်မကွာဟအောင်လည်း ရေးဆွဲထားပါတယ်"ဟု ဝန် ကြီးက ပြောဆိုသည် ။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦစီးဌာနက ရုံးသုံးပရိဘောဂ တင်ပြသည့်အနက် ပလတ်စတစ် ကုလားထိုင် (ယိုးဒယား) တစ်လုံးလျှင် ကျပ်ခုနှစ်သောင်းဖြင့် အရေအတွက် ၂၅၀ ဝယ်ယူရန်တင်ပြခဲ့ခြင်းဖြစ်သည်။
ယင်းတင် ပြမှုကို ပလတ်စတစ် ကုလားထိုင် ၁ လုံးဈေးမှာ ပြင်ပပေါက်ဈေးနှင့် ကွာဟနေသည့်အတွက် အင်းစိန်မြို့နယ် မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က စက်တင်ဘာ ၂၇ ရက်တွင် လွှတ်တော်အစည်းအဝေးတွင်ဝေဖန် ဆွေးနွေး ပြောဆိုခဲ့သည် ။
“ကိုယ်တွေကျတော့ အခန့်သားထိုင် အဆောက်အဦတွေပြုပြင်။ လျှပ်စစ်ကိစ္စ အန္တရာယ်ကင်းအောင်လုပ်ဖို့ ဘက်ဂျက်ကျတော့ ကျွန်တော်တို့မေးလိုက်ရင် ရှိသင့်သလောက် မရှိဘူးဖြစ်နေပါတယ်။ ပြောင်းလဲချိန်တန်ပါပြီ။ ကျွန်တော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆုံးမသလိုပါပဲ။ တိုင်းပြည်ကမချမ်းသာပါဘူး သူဌေးသားတွေလို သုံးလို့မရပါဘူး။ ကျွန်တော်တို့အာလုံး မုဆိုးမသားတွေလို ကျင့်ဖို့လိုပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ်တွေကို တကယ်အသုံးချနိုင်မယ့် နေရာတွေမှာသုံးဖို့လိုပါတယ်" ဟု ဦးဝေဖြိုးဟန်က ဆိုသည်။
ကနုတ်ပါသည့် ထိုင်ခုံ ၁၀ လုံးနှင့် စုံလည်ကုလားထိုင် ၁၀ လုံးတို့သည် ရုံးအတွက်အသုံးပြုရန်မဟုတ်ဘဲ လွှတ်တော်နှင့်နေအိမ်အဆောက်အဦးများ ထိန်းသိမ်းရေးအဖွဲ့က တွေ့စုံပွဲ၊ အခမ်းအနား၊ အစည်းအဝေးတို့တွင် ခုံလိုအပ်ချက်ရှိသည့်အတွက် ဝယ်ယူရခြင်းဖြစ်ကြောင်း ဝန်ကြီးဦးမြင့်သောင်းက ရှင်းလင်း ပြောဆိုသည် ။

















