ထိုင်းစစ်တပ်ကိုဗုံးအာရုံခံစက်တုများရောင်းချခဲ့သည့် စီးပွားလုပ်ငန်းရှင်သည် အပြစ်ထင်ရှားရှိကြောင်းထိုင်းတရားရုံးကဆုံးဖြတ်ကာထောင်ဒဏ် ကိုးနှစ်ချမှတ်လိုက်ကြောင်းသိရသည်။ လွန်ခဲ့သောငါးနှစ်ကလည်း ဗြိတိန်လုပ်ငန်းရှင်တစ်ဦးသည် အလားတူဗုံးအာရုံခံစက်တုများရောင်းချမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးသည်။
ဂျီတီ၂၀ဝ ဗုံးအာရုံခံစက်သည် ဗုံးသာမကမူးယစ်ဆေးဝါးနှင့် အခြားတားမြစ်ပစ္စည်းများကိုပါ ထောက်လှမ်းအာရုံခံနိုင်သည်ဟုဆိုသော်လည်းတကယ်တမ်းတွင် အတုအယောင် ဖန်တီးထားသည့် သိပ္ပံကိရိယာတစ်ခုသာဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် ၂၀၁၀ ခုနှစ်တွင် ထိုင်းစစ်တပ်သည် မျက်နှာပျက်ခဲ့ရဖူးသည်။ ထိုကိရိယာကိုထိုင်းစစ်တပ်ကိုသာမက ကမ္ဘာ့စစ်တပ် အများစုကိုရောင်းချခဲ့ခြင်းဖြစ်သည်။ ထိုကိရိယာသည် အသုံးမတဲ့သောပစ္စည်းမှန်းအတိအလင်းထွက်ပေါ်လာခဲ့သည့်တိုင် နိုင်ငံအတော်များများတွင် ဆက်သုံးခဲ့ကြသည်။
အေဗွီအေအိုင် ဆတ်ကွမ် ကုမ္ပဏီမန်နေဂျာဆူသီဝတ် ဝါသာနာကီသည် ထိုင်းစစ်တပ်ကို ဂျီတီ၂၀ဝ အတုများရောင်းချမှု သုံးမှုတွင် ပြစ်မှုထင်ရှားမှုဖြင့် တရားရုံးကထောင်ဒဏ်ကိုးနှစ် ချမှတ်လိုက်သည်။ ၎င်းသည် ထိုင်းစစ်တပ်အား အခြားသောဗုံးအာရုံခံစက်တုများ ဒေါ်လာ ၁၈ ဒသမ၅ သန်းဖိုး ရောင်းချခဲ့မှုဖြင့်လည်းထောင်ဒဏ် ၁၀ နှစ် သီးခြားချမှတ်ခံထားရပြီး ဖြစ်သည်။
ထိုကိရိယာသည် ပေါက်ကွဲပစ္စည်းနှင့် အခြားပစ္စည်းများကိုတိကျစွာအာရုံခံနိုင်စွမ်း ၂၀ ရာခိုင်နှုန်းသာရှိကြောင်း ထိုင်းနည်းပညာဝန်ကြီးဌာနက ၂၀၁၀ ခုနှစ်တွင် စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုင်းသည် ၂၀ဝ၄ ခုနှစ်မှစတင်ကာ ထိုကိရိယာ ၇၀ဝ ကျော် (တန်ဖိုးအားဖြင့် ဒေါ်လာ ၂၁ သန်းကျော်ဖိုး)ဝယ်ယူခဲ့ပြီး ဖြစ်သည်။ အခြားနိုင်ငံများက ဂျီတီ၂၀ဝ သည် အတုသာဖြစ်သည်ဟု အထောက်အထားများ ပြသခဲ့ပြီးနောက်တွင် ထိုင်းစစ်တပ်၌လည်း သုံးစွဲမှု ရပ်ထားခဲ့ကြောင်းလက်ရှိထိုင်းကာကွယ်ရေးဝန်ကြီးပရာဝတ် ဝန်ဆူဝမ်ကရှင်းလင်းပြောကြားထားသည်။

















