မြန်မာနေရှင်နယ်လိဂ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရှမ်းယူနိုက်တက်နည်းပြချုပ် မာဂျန်သည် ဒိုင်လူကြီများအား ဒိုင်လူကြီးများအား လူမှုကွန်ယက်တွင် မဟုတ်မမှန် စွပ်စွဲချက်များဖြင့် ပုတ်ခတ်ရေးသားခဲ့သည့်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အနီးစပ်ဆုံးသုံးပွဲပယ်နှင့် ဒဏ်ကြေးကျပ်သုံးသိန်း ချမှတ်အရေးယူခဲ့ကြောင်း သိရသည်။
စွပ်စွဲပုတ်ခတ်
ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မာဂျန်သည် ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုဖလားကို ရမှတ် ၁ မှတ်အကွာဖြင့် ရန်ကုန်ယူနိုက်တက်အသင်းအား လွှဲပြောင်းပေးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ဒိုင်များကို စက်တင်ဘာ ၂၄ရက်က လူမှုကွန်ယက်ပေါ်တွင် စွပ်စွဲပုတ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ဒိုင်လူကြီးအထောက်အပံ့များဖြင့် ရန်ကုန်ယူနိုက်တက်အသင်း နေရှင်နယ်လိဂ်ချန်ပီယံဖြစ်ခဲ့ကြောင်းနှင့် ဒိုင်လူကြီးအထောက်အပံ့သာမရပါက ချန်ပီယံအစစ်အမှန်မှာ ရှမ်းယူနိုက်တက်သာဖြစ်ကြောင်း ဥပမာများနှင့် လူမှုကွန်ယက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
ပြစ်ဒဏ်ချ
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ စက်တင်ဘာ ၂၇ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ရှမ်းယူနိုက်တက်နည်းပြမာဂျန်အား မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လာမည့် ဘောလုံးရာသီတွင် အနီးစပ်ဆုံး သုံးပွဲ ကွင်းအတွင်း ဝင်ရောက် ကြီးကြပ်ခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ်သုံးသိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချခဲ့သည်။
အစဉ်အလာရှိခဲ့ဖူး
နည်းပြချုပ် မာဂျန်သည် ရှမ်းယူနိုက်တက်သို့ ယခုနှစ်နေရှင်နယ်လိဂ် ဘောလုံးရာသီ ဒုတိယအကျော့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဧရာဝတီယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့တွင်လည်း နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ စည်းကမ်းထိန်းသိမ်းရေးသည် ၎င်းကို ယခင်ကလည်း ပြစ်ဒဏ်ချမှတ်ခံရဖူးသည့် အစဉ်အလာများရှိခဲ့ဖူးသည်။















