လက်ဝှေ့နေရှင်းချန်ပီယံရှစ်ကို ဗိုလ်လုပွဲနှင့် စိန်ခေါ်ပွဲများ မန္တလေးမြို့၌ကျင်းပမည်

လက်ဝှေ့နေရှင်းချန်ပီယံရှစ်ကို ဗိုလ်လုပွဲနှင့် စိန်ခေါ်ပွဲများ မန္တလေးမြို့၌ကျင်းပမည်

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး Morden Myanmar Synergy ကုမ္ပဏီနှင့် H&S ဂရု(ပ်)တို့ စီစဉ်ကျင်းပမည့် လက်ဝှေ့နေရှင်းချန်ပီယံရှစ် ပြိုင်ပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ရက် မွန်းလွဲ ၁နာရီက သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပခဲ့သည်။

 

တက်ရောက်ခဲ့

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်၊ H&S ဂရု(ပ်) မှ ဦးစိုင်းဇော်ဇော် ၊ လက်ဝှေ့နေရှင်းပရိုမိုတာ ဦးမင်းကိုကိုနိုင်နှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို မန္တလေးမြို့တွင်ကျင်းပမည်ဖြစ်ပြီး ၄၈ကီလိုတန်း ဗိုလ်လုပွဲ၊ ၇၅ ကီလိုတန်း ဗိုလ်လုပွဲအပါအဝင် ထိုင်း - မြန်မာ အထူးငါးချီစိန်ခေါ်ပွဲများလည်း ပါဝင်ကြမည်ဖြစ်သည်။

ထိုးသတ်ကြမည်

၄၈ကီလိုတန်း ဗိုလ်လုပွဲတွင် ချစ်ဆူးငယ်နှင့် သန့်စင်ထူး ၊ ၇၅ကီလိုတန်း ဗိုလ်လုပွဲ၌ စိုးမောင်ဦးနှင့် စောဆဝါးတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ထိုင်း - မြန်မာ အထူးငါးချီစိန်ခေါ်ပွဲတွင် အောက်ချင်းလေးနှင့် ထိုင်းမှ ဖစ်မူ၊ ဗျဂ္ဃနှင့် ထိုင်းမှ ဆင်ထောင်ရိုင်း၊ စိန်မျိုးအောင်နှင့် ထိုင်းမှ ဖူထိုင်းတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ 

ကျင်းပမည်

ထို့နောက် အခြားစိန်ခေါ်ပွဲများအဖြစ် စောဘဦးနှင့် ရွှေရာမာန်၊ ကျော်စွာဝင်းနှင့် ကျော်ကြားတို့၏ ပွဲစဉ်များဆက်လက်ထိုးသတ်ကြမည်ဖြစ်ပြီး မျိုးဆက်သစ်ပွဲစဉ်များလည်း ပါဝင်မည်ဟု သိရသည်။

" မျိုးဆက်သစ်ပွဲ အနည်းဆုံး သုံးပွဲကနေ ၁ဝပွဲအထိ ထည့်သွင်းကျင်းပဖို့ ရည်ရွယ်ထားပါတယ်။ မန္တလေးမှာ လုပ်တဲ့ပွဲတွေကို ညပိုင်းမှာသာကျင်းပလေ့ရှိပေမယ့် တစ်နိုင်ငံလုံးက ပရိသတ်တွေကြည့်လို့ရအောင် MRTV  နဲ့ညှိနှိုင်းပြီး နေ့လယ်ပိုင်းမှာထိုးဖို့ ပြောင်းလဲခဲ့တာပါ" ဟု ဦးစိုင်းဇော်ဇော်က ပြောဆိုခဲ့သည်။ 

အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂နာရီတွင် မန္တလေးမြို့၊ ဒိုင်းမွန်ပလာဇာ (၅)လွှာတွင် ကျင်းပမည်ဖြစ်ပြီး ဝင်ကြေးအဖြစ် ကျပ်သုံးသောင်း၊ ကျပ်နှစ်သောင်းနှင့် ကျပ်တစ်သောင်း အသီးသီးသတ်မှတ်ထားသည်။

 



ဖတ်ရှုမှုအများဆုံး