အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုမြောက်ပိုင်းရှိ ပြည်နယ်တစ်ခုတွင် စာသင်နှစ်သစ်အစပြုချိန်မှစ၍ မစ်ကီ မောက်အပါအဝင် အမေရိကန်ဒစ္စနေကုမ္ပဏီမှ ကာတွန်းဇာတ်ဆောင်များကို မူကြိုကျောင်းစာသင်ဆောင် များအတွင်း တွေ့ရတော့မည်မဟုတ်ချေ။ မစ်ကီမောက်နှင့် ၎င်း၏သူငယ်ချင်းဇာတ်ဆောင်ပုံများကို ကျောင်းနံရံမှဖယ်ထုတ်ပြီး အီဂျစ်စစ်သူရဲကောင်းရုပ်ပုံများနှင့်အစားထိုးရန် ကွာလျူဘီယာပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။
"မစ်ကီမောက်နဲ့ ဒေါ်နယ်ဒတ်၊ သူတို့သူငယ်ချင်းတွေရဲ့နေရာမှာ အီဂျစ်စစ်သူရဲကောင်း တွေနဲ့အစားထိုးမှ ကလေးတွေမှာ စစ်မှန်တဲ့ စံပြဇာတ်ဆောင်ရဲ့ပုံရိပ်တွေစွဲသွားမှာ၊ ဒါမှ လည်း တိုင်းချစ်ပြည်ချစ်စိတ် နက်ရှိုင်းတဲ့ကလေးတွေဖြစ်လာမယ်"ဟု အုပ်ချုပ်ရေးမှူး အလာအက်ဒူဟာလမ်မိုဟာမက်အာဇော့က ပြောဆိုခဲ့သည်။
အုပ်ချုပ်ရေးမှူး၏အမိန့်ကို ကျောင်းများက မည်မျှလိုက်နာကြောင်း ပြည်နယ်ပညာရေး ဌာနက ကော်မတီတစ်ရပ်ဖွဲ့၍ စောင့်ကြည့်သွားမည်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်သည့် လက်ရှိအီဂျစ်သမ္မတ ဖာတားအယ်လ်စီစီသည် စစ်ဘက်၏ပုံရိပ်ကို အဓိကအားဖြင့် ပညာရေးနှင့် လူထုနေ့စဉ်ဘဝတွင် မြှင့်တင်နေသည်။ ဆိုင်းနိုင်းကျွန်းဆွယ်တွင် အစ္စလာမ္မစ် အစွန်းရောက်များနှင့်တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့်စစ်သည်များသည် အာဇာနည်အဖြစ် ဖော်ပြခံရပြီး ကျန်ရစ်သူမိသားစုများလည်း ဂုဏ်ပြုခံခဲ့ရသည်။
ဖတ်ရှုနေဆဲ
ယင်းပြည်နယ်၏ဆောင်ရွက်မှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများစွာလည်းပေါ် ထွက်ခဲ့သည်။ အာဏာပိုင်များသည် နည်းလမ်းဟောင်းများနှင့် သင်ကြားမှု၊ စာသင်ခန်း အတွင်း စိတ်ဓာတ်ရေးရာရိုက်သွင်းမှုများကို ပိုမိုအာရုံစိုက်နေကြောင်း ပြစ်တင်ခဲ့ကြသည်။ ကျောင်းမတက်မီအရွယ်ကပင် အီဂျစ်ရှုခင်းနောက်ခံဖြင့် ဒစ္စနေကာတွန်းများဖတ်ရှုခဲ့ပြီး ယခုတိုင်ဖတ်ရှုနေဆဲဟု ပြောသူလည်းရှိသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ယင်းဆုံးဖြတ် ချက်ကြောင့် ၎င်းကိုယ်တိုင် ကာတွန်းဇာတ်ဆောင်သဖွယ်ဖြစ်သွားကြောင်း လှောင်ပြောင်သူ ရှိသကဲ့သို့ ဆုံးဖြတ်ချက်မှန်ကန်ကြောင်း ထောက်ခံသူလည်းရှိသည်။ ၂၀၁၅ က အီဂျစ်တွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးသည် ဖိုတိုရှော့ဆော့ဖ်ဝဲသုံးကာ သမ္မတစီစီ၏ပုံကို မစ်ကီမောက် နားရွက်တပ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်မှုကြောင့် ထောင်သုံးနှစ်ချမှတ်ခံခဲ့ရသည်။

















