ပဏာမမြန်မာ့လက်ရွေးစင်၌ ဝါရင့်ဂိုးသမားတစ်ဦးထက် ပိုပါသင့်ကြောင်း ရှမ်းအသင်းဂိုးသမား သီဟစည်သူ အကြံပြု

ပဏာမမြန်မာ့လက်ရွေးစင်၌ ဝါရင့်ဂိုးသမားတစ်ဦးထက် ပိုပါသင့်ကြောင်း ရှမ်းအသင်းဂိုးသမား သီဟစည်သူ အကြံပြု

၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီယှဉ်ပြိုင်မည့် အင်ဒိုနီးရှား၊ ဘိုလီဗီးယားလက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းပွဲအတွက် ထုတ်ပြန်ခဲ့သည့် ပဏာမမြန်မာ့လက်ရွေးစင်အသင်း ဂိုးသမားစာရင်းတွင် ဝါရင့်ဂိုးသမားတစ်ဦးထက် ပိုပါသင့်ကြောင်း ရှမ်းယူနိုက်တက်ဂိုးသမား သီဟစည်သူက အကြံပြုပြောဆိုခဲ့သည်။

ထုတ်ပြန်ခဲ့

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးလ်သည် အဆိုပါခြေစမ်းပွဲနှစ်ပွဲအတွက် ပဏာမကစားသမား ၂၇ဦးစာရင်းကို စက်တင်ဘာ ၂၇ရက် ထုတ်ပြန်ခဲ့သည်။ အဆိုပါစာရင်းတွင် ရွေးချယ်ထားသည့် ဂိုးသမားသုံးဦးအနက် ကျော်ဇင်ထက်တစ်ဦးသာ စီနီယာဂိုးသမားအဖြစ် ပါဝင်ခဲ့ပြီး ဘုန်းသစ္စာမင်းနှင့် ဆန်းဆက်နိုင်တို့မှာ လူငယ်ဂိုးသမားများဖြစ်ကြ၍ ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အကြံပြု

" ခုရွေးချယ်ခံရတဲ့ လူငယ်ဂိုးသမားနှစ်ယောက်က ကျွန်တော့်ညီတွေလိုပါပဲ။ သူတို့တွေဆိုရင် ကလပ်မှာပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နေရတယ်။ အတွေ့အကြုံရဖို့ ကလပ်မှာရော သက်တမ်းအလိုက်လက်ရွေးစင်ပွဲတွေမှာပါ ရှာလို့ရပါသေးတယ်။ အသက်မမီတော့တဲ့ ဂိုးသမားတွေဆိုရင် မျှော်လင့်စရာဆိုလို့ လက်ရွေးစင်အသင်းကြီး ပွဲတွေပဲရှိတော့တယ်။ဥပမာ- ပြည့်ဖြိုးအောင်၊ကိုကိုနိုင်၊ နိုင်ဇေယျာထွန်း၊ ကျော်ဇင်ဖြိုးတို့ရှိတယ်။ ကျော်ဇင်ထက်တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ပွဲတစ်ခုလုံးကို ထိန်းကျောင်းဖို့၊ သြဇာရှိဖို့က လူငယ်ဂိုးသမားတွေက မရကြသေးပါဘူး။ အနည်းဆုံးဝါရင့်ဂိုးသမားတစ်ယောက်လောက်တော့ ထပ်ရွေးသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော်မပါလို့ခုလိုပြောတာမဟုတ်ပါဘူး။ ကျွန်တော်လည်း လက်ရှိမှာဒဏ်ရာနဲ့ပါ" ဟု သီဟစည်သူက အကြံပြုခဲ့သည်။

လူငယ်ကစားသမားများရွေးချယ်ခြင်းနှင့်ပတ်သက်၍ အန်တွမ်နီဟေးလ်က ကစားသမားများ၏ စွမ်းဆောင်ရည်ကို သေချာဆန်းစစ်ပြီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေသည် အသင်းကို လူငယ်ကစားသမားများနှင့် မောင်းနှင့်ရမည့်အချိန်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်။



ဖတ်ရှုမှုအများဆုံး