အင်ဒိုနီးရှားနိုင်ငံတွင် စက်တင်ဘာ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ပြီး ဆူနာမီ ဒီရေလှိုင်းကြီးရိုက်ခတ်ခဲ့၍ စက်တင်ဘာ ၂၉ ရက်နေ့လည်ထိ သေဆုံးသူ ၄၈ ဦး ရှိခဲ့ပြီဖြစ်ကာ သေဆုံးသူ ပိုမိုများပြားလာဖွယ်ရှိသည်။
ဒဏ်ရာရသူလည်း ရာပေါင်းများစွာ ရှိခဲ့သည်။
အမြင့် ၃ မီတာ(၁၀ ပေ)ရှိသော ဒီရေလှိုင်းများသည် ဆူလာဝေစီကျွန်းပေါ်မှ လူဦးရေသုံးသိန်းကျော်ရှိသည့် ပါလူးမြို့ကို ပျက်စီးစေခဲ့သည်။ ကမ်းခြေတစ်လျှောက် အလောင်းများကိုတွေ့နေရပြီး သေဆုံးရခြင်းသည် ငလျင်ကြောင့် သို့မဟုတ် ဆူနာမီကြောင့် သဲသဲကွဲကွဲ မသိရသေးပေ။ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ခဲ့သော်လည်း အဆက်အသွယ် ပြတ်တောက်ကာ လမ်းများပျက်စီးနေခြင်းကြောင့် အခက်တွေ့နေရပြီး ရဟတ်ယာဉ်များသာ ပိုမိုအသုံးတည့်မည်ဟု ဆိုသည်။
ငလျင်သည် ဆူလာဝေစီကျွန်းအလယ်အနီး မြေအောက်အနက် ၁၀ ကီလိုမီတာ(၆ ဒသမ ၂ မိုင်)ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာနက ထုတ်ပြန်ခဲ့သည်။ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း တစ်နာရီအတွင်း ဒီလှိုင်းတက်လာခဲ့ခြင်းဖြစ်သည်။
၂၀ဝ၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကမ်းလွန်တွင် ပြင်းအား ၉ ဒသမ ၁ ငလျင်လှုပ်ခတ်မှုကြောင့် အိန္ဒိယသမုဒ္ဒရာတစ်ဝန်း ဆူနာမီဒီရေလှိုင်းကြီး တက်လာခဲ့ပြီး အင်ဒိုနီးရှားတစ်နိုင်ငံထဲမှ လူဦးရေ ၁၂၀ဝ၀ဝ ကျော် အပါအဝင် နိုင်ငံတစ်ဒါဇင်ခန့်မှ စုစုပေါင်း လူ ၂၃၀ဝ၀ဝ သေဆုံးခဲ့သည်။
အင်ဒိုနီးရှားသမ္မတရုံးက ကယ်ဆယ်ရေးအမိန့် ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးဝန်ကြီးဌာနကို ပူးပေါင်းဆောင်ရွက်ရန် ညွန်ကြားခဲ့သည်။ ကုလသမဂ္ဂကိုယ်စားလှယ်ကလည်း ကူညီရန်အသင့်ရှိကြောင်း ပြောဆိုခဲ့သည်။ မီးတောင်စက်ဝန်းပေါ်တွင် တည်ရှိနေသည့် အင်ဒိုနီးရှားတွင် မြေငလျင် မကြာခဏလှုပ်ခတ်လေ့ရှိသကဲ့သို့ မီးတောင်များလည်း ပေါက်ကွဲလေ့ရှိသည်။

















