ဟံသာဝတီယူနိုက်တက်မှာ နည်းပြအဖွဲ့နှင့် ကစားသမားအင်အား တောင့်တင်းသော်လည်း အကောင်းဆုံးကျော်ဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို ဒုတိယအကြိမ်ရယူသွားမည်ဟု ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပွဲကြိုစကားဆိုခဲ့သည်။
ပထမဆုံးအကြိမ်
ရန်ကုန်ယူနိုက်တက်အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ်တွင် မကွေးအသင်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့တက်လာခဲ့ပြီး ဟံသာဝတီယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဟံသာဝတီယူနိုက်တက်မှာလည်း ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံရှမ်းအသင်းကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့တက်ရောက်လာခဲ့သည်။ အဆိုပါနှစ်သင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲတွင် ပထမဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံနေခြင်းဖြစ်ပြီး နှစ်သင်းစလုံးမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို တစ်ကြိမ်စီရယူထားနိုင်ခဲ့ကြသည်။
စိုးရိမ်နေမည်မဟုတ်
" ဗိုလ်လုပွဲကိုရောက်ဖို့ ကျွန်တော်တို့ မကွေးအသင်းကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရတာပါ။ ဗိုလ်လုပွဲမှာ ဆုံတွေ့နေတဲ့ ဟံသာဝတီအသင်းက ကျွန်တော်တို့ကို အိမ်ကွင်းမှာ အနိုင်ယူထားတယ်။ ဗိုလ်ချုပ်ဒိုင်းဆီမီးဖိုင်နယ်မှာလည်း လက်ရှိချန်ပီယံကို အနိုင်ယူထားတယ်။ သူတို့မှာ တကယ်တက်ကျွမ်းနားလည်တဲ့ ဆီဗာဂျီတို့လိုနည်းစနစ်ဒါရိုက်တာရှိတယ်။ ဦးငွေထွန်းလို အတွေ့အကြုံရင့် နည်းပြချုပ်ရှိတယ်။ နည်းပြအင်အားကလည်း တောင့်တင်းသလို ကစားသမားအင်အားကလည်း တောင့်တင်းတယ်။ ဒါပေမဲ့ ဒါတွေကို တွေးပြီးကျွန်တော်တို့ စိုးရိမ်နေမှာမဟုတ်ပါဘူး။ ဟံသာဝတီကို အကောင်းဆုံးကျော်ဖြတ်ပြီ ဒိုင်းဆုကြီးကို ဒုတိယအကြိမ်ရအောင် ကြိုးစားသွားမှာပါ" ဟု ဦးမျိုးမင်းထွန်းက ပြောဆိုခဲ့သည်။
အစွမ်းကုန်ကြိုးစား
ရန်ကုန်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့၏ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲကို စက်တင်ဘာ ၃၀ရက်(ယနေ့) မွန်းလွဲ ၃နာရီခွဲတွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လာရောက်ကြည့်ရူသည့် ပရိသတ်များအတွက် ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်မည်ဟုသိရသည်။ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။















