မြန်မာလုံခြုံရေးတပ်ဖွဲ့များက ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)များကို လူမျိုးတုန်းသုတ်သင်ခဲ့သည်ဟူ၍ ကုလသမဂ္ဂက အစီရင်ခံခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကာကွယ်ခုခံပြောဆိုခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့်လည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက် အေပီသတင်းက ဖော်ပြခဲ့သည်။
သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအစီရင်ခံစာသည် အပြောဇာတ်လမ်းများနှင့် မခိုင်မာသည့် အထောက်အထားများအပေါ် အခြေခံထားကြောင်း၊ ဒုက္ခသည်များကိုလက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် သဘောတူညီချက်သုံးခု လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ ဘင်္ဂလားဒေ့ရှ်သည် ဒုက္ခသည်များကို ပြန်လည်လွှဲအပ်ရန် ချို့ယွင်းချက်ရှိနေကြောင်း ဦးကျော်တင့်ဆွေက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၇ ရက် ကုလညီလာခံတွင် ပြောဆိုခဲ့သည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ မိန့်ခွန်းတွင် ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)များ ထွက်ပြေးလာရခြင်းအကြောင်းရင်းကို ပြောဆိုရာ၌ လူမျိုးတုန်းသုတ်သင်မှုဟု အဓိပ္ပာယ်ရသည့်အသုံးအနှုန်းကို သုံးစွဲခဲ့သည်။
ဝန်ကြီး ဦးကျော်တင့်ဆွေသည် စက်တင်ဘာ ၂၈ ရက်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့စဉ် မိုက်ပွမ်ပီယိုက ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဥပဒေနှင့်အညီစီရင်ရန် ထပ်မံတိုက်တွန်းခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)အရေး အစီရင်ခံစာတစ်ရပ်ကို စက်တင်ဘာ ၂၄ ရက်က ထုတ်ပြန်ထားပြီး ယင်းတွင် မြန်မာစစ်ဘက်က လူမျိုးတုန်းသုတ်သင်သည်ဟု မသုံးနှုန်းဘဲ အလွန်အကျွံအနိုင်ကျင့်ခဲ့သည်ဟုသာ သုံးနှုန်းထားကြောင်း သိရသည်။

















