အင်ဒိုနီးရှားနိုင်ငံတွင် စက်တင်ဘာ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ပြီး ဆူနာမီ ဒီရေလှိုင်းကြီးရိုက်ခတ်ခဲ့၍ စက်တင်ဘာ ၂၉ ရက် ညနေအထိ သေဆုံးသူ ၃၈၀ ကျော် ရှိခဲ့ပြီဖြစ်ကာ သေဆုံးသူ ပိုမိုများပြားလာဖွယ်ရှိသည်။ ဒဏ်ရာရသူလည်း ရာပေါင်းများစွာ ရှိခဲ့သည်။
အမြင့် ၃ မီတာ(၁၀ ပေ)ရှိသော ဒီရေလှိုင်းများသည် ဆူလာဝေစီကျွန်းပေါ်မှ လူဦးရေသုံးသိန်းကျော်ရှိသည့် ပါလူးမြို့ကို ပျက်စီးစေခဲ့သည်။ ကမ်းခြေတစ်လျှောက် အလောင်းများကိုတွေ့နေရပြီး သေဆုံးရခြင်းသည် ငလျင်ကြောင့် သို့မဟုတ် ဆူနာမီကြောင့် သဲသဲကွဲကွဲ မသိရသေးပေ။
ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ခဲ့သော်လည်း အဆက်အသွယ် ပြတ်တောက်ကာ လမ်းများပျက်စီးနေခြင်းကြောင့် အခက်တွေ့နေရပြီး ရဟတ်ယာဉ်များသာ ပိုမိုအသုံးတည့်မည်ဟု ဆိုသည်။
ငလျင်သည် ဆူလာဝေစီကျွန်းအလယ်အနီး မြေအောက်အနက် ၁၀ ကီလိုမီတာ(၆ ဒသမ ၂ မိုင်)ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာနက ထုတ်ပြန်ခဲ့သည်။ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း တစ်နာရီအတွင်း ဒီလှိုင်းတက်လာခဲ့ခြင်းဖြစ်သည်။

















