ဖေ့စ်ဘွတ်ခ်လုံခြုံရေးစနစ် ထွင်းဖောက်ခံရ၊ ဇူကာဘတ်၏အကောင့်အပါအဝင် အကောင့် သန်း ၅၀ ခန့် တိုက်ခိုက်ခံရနိုင်ခြေရှိခဲ့ပြီး ပြန်လည်ပြုပြင်ထားဟုဆို

ဖေ့စ်ဘွတ်ခ်လုံခြုံရေးစနစ် ထွင်းဖောက်ခံရ၊ ဇူကာဘတ်၏အကောင့်အပါအဝင် အကောင့် သန်း ၅၀ ခန့် တိုက်ခိုက်ခံရနိုင်ခြေရှိခဲ့ပြီး ပြန်လည်ပြုပြင်ထားဟုဆို

ဖေ့စ်ဘွတ်ခ်၏ လုံခြုံရေးစနစ် အားနည်းချက်တစ်ခုကြောင့် ဟက်ကာများ၏ထွင်းဖောက်ခြင်းခံရ၍ သုံးစွဲသူ သန်း ၅၀ ခန့်၏ အကောင့်များ တိုက်ခိုက်ခံရနိုင်ခြေရှိခဲ့ပြီး ယင်းအကောင့်များထဲတွင် ဖေ့စ်ဘွတ်ခ်စီအီးအို မတ်ခ်ဇူကာဘတ်၏ အကောင့် ကိုယ်တိုင်ပါဝင်ခဲ့ကြောင်း၊ ယင်းအားနည်းချက်ကို ပြန်လည်ပြင်ဆင်ထားကြောင်း သိရသည်။

ဖြစ်ပျက်ခဲ့သမျှအတွက် သုံးစွဲသူများကို တောင်းပန်ကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ခဲ့သည်။ ဟက်ကာများကြောင့် တိုက်ခိုက်ခံရနိုင်ခြေရှိသည့် အကောင့်သန်း ၅၀ ထဲတွင် မာ့ခ်ဇူကာဘတ်နှင့် ၄င်း၏အရာရှိချုပ် ရှီရိုင်းဆန်းဘတ်တို့၏ အကောင့်များလည်း ပါဝင်ကြောင်း ဖေ့စ်ဘွတ်ခ်က အတည်ပြုခဲ့သည်။
    သုံးစွဲသူ သန်း ၂၀ဝ၀ ကျော်ရှိသည့် ဖေ့စ်ဘွတ်ခ်တွင် သုံးစွဲသူများ မိမိကိုယ်ရေးအချက်အလက်ကို အခြားသူများအား မြင်တွေ့ခွင့် View As အပိုင်းတွင် ချွတ်ယွင်းချက်တစ်ခုရှိခဲ့ပြီး ယင်းမှတစ်ဆင့် မသမာသူများက ဖောက်ထွင်းခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၂၅ ရက်တွင် တွေ့ရှိခဲ့သည့် ယင်းအားနည်းချက်ကို ပြန်လည်ပြင်ဆင်ကာ သက်ရောက်နိုင်သည့် အကောင့်အားလုံးကိုလည်း ပြန်လည်မွမ်းမံပေးခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်ဒုတိယဥက္ကဌက ပြောဆိုခဲ့သည်။ နောက်ထပ် သုံးစွဲသူ သန်း ၄၀ ခန့်ကိုလည်း ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ပေးခဲ့ရသည်ဟု ဆိုသည်။
စက်တင်ဘာ ၂၈ ရက်တွင် ဖေ့စ်ဘွတ်ခ်၏ရှယ်ယာဈေး ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တိုက်ခိုက်ခံရနိုင်ခြေရှိသည့် အကောင့် သန်း ၅၀ သည် မည်သည့်အရပ်မှဖြစ်ကြောင်းမူ ဖေ့စ်ဘွတ်ခ်က ပြောဆိုခြင်းမရှိသော်လည်း ဖေ့စ်ဘွတ်ခ်၏ ဥရောပ ဌာနခွဲအခြေစိုက်သည့် အိုင်ယာလန်မှ ဥပဒေအဖွဲ့အစည်းများက သတင်းပို့ခြဲ့ခင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး တိုက်ခိုက်မှုနောက်ကွယ်တွင် မည်သူမည်ဝါရှိမှန်း မသိရသေးပေ။