သမ္မတထရမ့် ခန့်အပ်လိုသည့် တရားရုံးချုပ်တရားသူကြီးလောင်း လိင်မှုဆိုင်ရာကျူးလွန်မှုစွပ်စွဲချက် အက်ဖ်ဘီအိုင်စစ်ဆေးပေးရန် ထရမ့်ကိုယ်တိုင်ညွန်ကြား

သမ္မတထရမ့် ခန့်အပ်လိုသည့် တရားရုံးချုပ်တရားသူကြီးလောင်း လိင်မှုဆိုင်ရာကျူးလွန်မှုစွပ်စွဲချက် အက်ဖ်ဘီအိုင်စစ်ဆေးပေးရန် ထရမ့်ကိုယ်တိုင်ညွန်ကြား

လစ်လပ်နေသည့် တရားရုံးချုပ်တရားသူကြီးရာထူးအတွက် သမ္မတထရမ့်က အမည်စာရင်း တင်သွင်းထားသည့် ဘရက် ကာဗာနော့သည် ဆယ်ကျော်သက်ဘဝက လိင်မှုမတော်တရော်ပြုမူခဲ့ကြောင်း စွပ်စွဲချက်ကို အက်ဖ်ဘီအိုင်က တစ်ပတ်အတွင်း စုံစမ်းစစ်ဆေးပေးရန် ထရမ့်ကိုယ်တိုင် ညွန်ကြားခဲ့သည်။

ကာဗာနော့အား ခန့်အပ်ရန် ရီပတ်ဘလီကန်လွှမ်းမိုးသည့် အထက်လွှတ်တော်တရားရေးကော်မတီက ကြားနာစစ်ဆေးခဲ့သည်။ ကာဗာနော့သည် ၄င်းကိုလိင်မှုအနိုင်ကျင့်ရန် ကြိုးပမ်းခဲ့ဖူးကြောင်း စွပ်စွဲထားသည့် စိတ်ပညာပါမောက္ခ ခရစ္စတင်း ဘလာဆေဖို့ဒ်လည်း တရားရေးကော်မတီရှေ့မှောက်တွင် သက်သေထွက်ဆိုခဲ့သည်။
တရားရေးကော်မတီသည် ကာဗာနော့အား ခန့်အပ်ရန် မဲခွဲရာ ရီပတ်ဘလီကန် အမတ်တစ်ဦးဖြစ်သူ ဂျက်ဖ်ဖလိတ်က အထက်လွှတ်တော်တစ်ရပ်လုံး၌ မဲခွဲဆုံးဖြတ်မှုကို ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးရန် သဘောတူပါက မဲခွဲသည့်အခါ ထောက်ခံမည်ဟု ပြောဆိုခဲ့သည်။ ယင်းနောက်တွင် ကာဗာနော့စွပ်စွဲခံရမှုအား အက်ဖ်ဘီအိုင်က
 စုံစမ်းစစ်ဆေးပေးရန် သမ္မတဒေါ်နယ်ထရမ့်က ညွန်ကြားလိိုက်ခြင်းဖြစ်သည်။ ယင်းကြောင့် ကာဗာနော့အား ခန့်အပ်ရေး အထက်လွှတ်တော်တစ်ခုလုံးတွင် မဲပေးဆုံးဖြတ်ရေးကိုလည်း တစ်ပတ်ရွှေ့ဆိုင်းလိုက်ရပြီဖြစ်သည်။
ထရမ့်၏အမိန့်ကို ကြိုဆိုသော်လည်း အချိန်တစ်ပတ်အတွင်းဆိုသည်မှာ နည်းလွန်းသည်ဟု မစ္စဖို့ဒ်၏ ရှေ့နေက ပြောဆိုခဲ့သည်။ စက်တင်ဘာ ၂၈ ရက်က ဒီမိုကရက်တစ်များသည် မစ္စဖို့ဒ်၏စွပ်စွဲမှုတွင် မျက်မြင်သက်သေဖြစ်ခဲ့သည်ဆိုသည့် တရားသူကြီး မတ် ဂျတ်ဂျ်ကို ဆင့်ခေါ်စစ်ဆေးရန် တောင်းခဲ့သည်ကို တရားရေးကော်မတီက ပယ်ချခဲ့သည်။ ဂုဏ်သတင်းကြီးမားပြီး ရာသက်ပန်တာဝန်ထမ်းဆောင်ခွင့်ရှိသည့် တရားရုံးချုပ်တရားသူကြီးနေရာအတွက် ရီပတ်ဘလီကန် ၅၁ ဦးနှင့် ဒီမိုကရက် ၄၉ ဦး ရှိသည့် အထက်လွှတ်တော်တစ်ရပ်လုံးက အပြီးသတ်မဲပေးဆုံးဖြတ်ရမည်ဖြစ်သည်။ ထောက်ခံနှင့် ကန့်ကွက်မဲရလဒ်တူညီနေပါက ဒုတိယသမ္မတက အဆုံးအဖြတ်မဲပေးရမည်ဖြစ်သည်။