အီရန်ခြိမ်းခြောက်မှုကြောင့် အီရတ်ရှိ ကန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနဆို

အီရန်ခြိမ်းခြောက်မှုကြောင့် အီရတ်ရှိ ကန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနဆို

အီရန်နှင့် အီရန်ကျောထောက်နောက်ခံပေးထားသည့် တပ်ဖွဲ့များ၏ခြိမ်းခြောက်မှုများကြောင့် အီရတ်နိုင်ငံတောင်ပိုင်း ဘာစရာရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အရေးပေါ်ဝန်ထမ်းများမှလွဲ၍ ဝန်ထမ်းအားလုံးကို ဘဂ္ဂဒတ်သို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ပိုင်အဆောက်အအုံများကို ထိခိုက်မှုများအတွက် အီရန်ကို တာဝန်ခံခိုင်းမည်ဖြစ်ကြောင်း ပွမ်ပီယိုက အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့သည်။
    ဘာစရာတွင် လူနှစ်သန်းကျော်နေထိုင်ပြီး မကြာသေးမီရက်သတ္တပတ်များအတွင်း အကြမ်းဖက်မှုများပါဝင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ အီရန်၏ကျောထောက်နောက်ခံရထားသည့် အင်အားစုများက ကောင်စစ်ဝန်ရုံးကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပွမ်ပီယိုကပြောဆိုခဲ့သည်။
    ၂၀၁၅ ခုနှစ်တွင် အင်အားကြီးနိုင်ငံများနှင့် အီရန်တို့ကြား အီရန်၏နျူစီမံကိန်းနှင့်ပတ်သက်၍ ရရှိခဲ့သည့် သဘောတူညီမှုမှ အမေရိကန်နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်အပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ခဲ့သည်။ 
    ယခုအပတ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံ၌လည်း အမေရိကန်နှင့် အီရန်တို့သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဝေဖန်ပြောဆိုခဲ့ကြသည်။ ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်က အီရန်သည် အမေရိကန်နှင့်ပတ်သက်၍ စည်းကျော်ပါက အကြီးအကျယ်ပေးဆပ်ရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။
    ဒေသတွင်း ရှီယိုက်အင်အားကြီးနိုင်ငံဖြစ်သည့် အီရန်သည် အီရတ်ကို ကာလရှည်အုပ်ချုပ်ခဲ့သည့် ဆက်ဒမ်ဟူစိန် ပြုတ်ကျပြီးကတည်းက အီရတ်ရှိ ရှီယိုက်လူအများစုဝင်များနှင့်ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းခဲ့သည်။ ယခုလအစောပိုင်းတွင် ဘာစရာရှိ ဆန္ဒပြသူများသည် အီရန်ကောင်စစ်ဝန်ရုံးနှင့် အီရန်ကျောထောက်နောက်ခံရထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ရုုံးချုပ်တို့အပါအဝင် အစိုးရနှင့် နိုင်ငံရေးဆိုင်ရာ အဆောက်အအုံများကို မီးတင်ရှို့ခဲ့သည်။
    အီရန်က အီရတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ဆန္ဒပြသူများက ရှုတ်ချပြောဆိုခဲ့သည်။