လိင်ပိုင်းအနိုင်ကျင့်မှုများကျူးလွန်ခဲ့သူ ချီလီဘုန်းကြီးတစ်ပါးကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ခရစ်ယာန်သာသနာမှ ဖယ်ရှား

လိင်ပိုင်းအနိုင်ကျင့်မှုများကျူးလွန်ခဲ့သူ ချီလီဘုန်းကြီးတစ်ပါးကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ခရစ်ယာန်သာသနာမှ ဖယ်ရှား

ချီလီရှိ ကက်သလစ်ဘုန်းကြီးများ၏လိင်ပိုင်းအနိုင်ကျင့်မှုပြဿနာတွင် အဓိကနေရာမှပါဝင်ခဲ့သည့် ဘုန်းကြီး ဖာနန်ဒို ကာရာဒီမာအား ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ခရစ်ယာန်သာသနာမှ ဖယ်ရှားလိုက်ပြီဖြစ်သည်။

ဘုရားကျောင်းတော်၏ကောင်းကျိုးအတွက် ပုပ်ရဟန်းမင်းကြီးသည် ကာရာဒီမာကို ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း ဗာတီကန်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသက် ၈၈ နှစ်အရွယ် ဘုန်းကြီးဟောင်း ကာရာဒီမာသည် အရွယ်မရောက်သေးသူများစွာအား လိင်ပိုင်းအနိုင်ကျင့်ခဲ့မှုဖြင့် ဘဝတစ်လျှောက်လုံး ဝတ်ပြုဆုတောင်းရန် ယခင်က ညွှန်ကြားခံခဲ့ရသည်။
    ဇွန်တွင် ပုပ်ရဟန်းမင်းကြီးသည် ချီလီဂိုဏ်းအုပ်ဘုန်းကြီးသုံးပါးတို့၏နုတ်ထွက်မှုကို လက်ခံခဲ့သည်။ နုတ်ထွက်သူများတွင် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များတွင် ကာရာဒီမာက ကလေးငယ်များအား လိင်ပိုင်းအနိုင်ကျင့်မှုများကို သိသိကြီးနှင့် ဖုံးဖိခဲ့သည့် ဘုန်းကြီး ဟွန် ဘာရိုစ်လည်းပါဝင်ခဲ့သည်။
    ချီလီ၌လည်း ရဲတပ်ဖွဲ့ဝင်များနှင့် ဥပဒေအရာရှိများသည် မြို့တော် ဆန်တီယေဂိုနှင့် ရန်ကာဂွာမြို့များရှိ ကက်သလစ်ဘုရားကျောင်းရုံးခန်းများကို စီးနင်းပြီး စာရွက်စာတမ်းများကို သိမ်းယူခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ဗာတီကန်ကျောင်းတော်က စုံစမ်းစစ်ဆေးမှုအရ ကာရာဒီမာသည် ဆယ်ကျော်သက်အရွယ် ယောကျာ်းလေးများစွာကို လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ယင်းအချိန်က ဗာတီကန်သည် ကာရာဒီမာကို ရာထူးမှဖယ်ရှားခြင်းမရှိခဲ့သလို ကာရာဒီမာကလည်း အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။
    ချီလီ၏ဥပဒေကြောင်းရ ကန့်သတ်ချက်များကြောင့် ကာရာဒီမာသည် ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးခံရမည်မဟုတ်ချေ။ ၎င်းသည် ယခုအချိန်တွင် ဆန်တီယေဂိုရှိ ဂေဟာတစ်ခုတွင် နေထိုင်နေသည်။ ချီလီရှိ ကက်သလစ်ဘုန်းကြီးများ၏လုပ်ရပ်ကြောင့် အရှက်ရမိသလို နာလည်းနာကျင်မိကြောင်း ဖရန်စစ်က ပြောဆိုခဲ့သည်။ 
    ချီလီရှိ ရိုမန်ကက်သလစ်ဘုန်းကြီး ၈၀ ဦးခန့်သည် လွန်ခဲ့သော ၁၈ နှစ်အတွင်း လိင်ပိုင်းအနိုင်ကျင့်မှုများကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။