ဂါဇာကမ်းမြောင်ဒေသနှင့် အစ္စရေးနယ်စပ်တစ်လျှောက် ဆန္ဒပြနေသည့် ပါလက်စတိုင်းသားများအား အစ္စရေးစစ်တပ်က ပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် ပါလက်စတိုင်းသားခုနစ်ဦးသေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ထမ်းများက စက်တင်ဘာ ၂၈ ရက် အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။
ဂါဇာကို ၂၀ဝ၇ ခုနှစ်ကတည်းက အုပ်ချုပ်နေသည့် ဟာ့မာ့စ်စစ်သွေးကြွအဖွဲ့က တောင်းဆိုမှုကြောင့် စက်တင်ဘာ ၂၈ ရက်တွင် ပါလက်စတိုင်းသားထောင်ပေါင်းများစွာသည် နယ်စပ်တစ်လျှောက် နေရာငါးခုတွင် စုဝေးကာ ဆန္ဒပြမှုများကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများအနက် နှစ်ဦးမှာ အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အရွယ်ရှိ ကလေးများဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သေဆုံးသူများသည် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျည်ဆန်အစစ်များထိမှန်သောကြောင့် အခြားဆန္ဒပြသူ ၉၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းများကပြောဆိုခဲ့သည်။
မတ်မှစ၍ ဟာ့မာ့စ်အဖွဲ့သည် ဆန္ဒပြမှုများကို အပတ်စဉ်ပြုလုပ်ခဲ့သော်လည်း မကြာသေးမီရက်သတ္တပတ်များမှစ၍ ဆန္ဒပြမှုများကို နေ့စဉ်နီးပါးပြုလုပ်ခဲ့သည်။ ၂၀ဝ၇ ခုနှစ်တွင် ဟာ့မာ့စ်က ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အက်ဘာစ်အပေါ် သစ္စာခံသည့် အဖွဲ့များကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့်အတွက် အစ္စရေးနှင့် အီဂျစ်တို့က နယ်စပ်ဖြတ်ကျော်နေရာများကို ပိတ်ဆို့ခဲ့ရာ ယင်းကို ရပ်ဆိုင်းပေးရန် ဟာ့မာ့စ်က ဆန္ဒပြမှုများကို ဦးဆောင်ပြုလုပ်နေခြင်းဖြစ်သည်။
နယ်စပ်တံတိုင်းနား၌ ဆန္ဒပြသူများသည် ကားတာယာများကို မီးရှို့ပြီး မီးခိုးများကိုအကာအကွယ်ယူကာ တံတိုင်းအခြားတစ်ဖက်တွင် တပ်စွဲထားသည့် အစ္စရေးတပ်များကို ကျောက်ခဲများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့သည်။ စစ်သားများကလည်း မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်။
ဆန္ဒပြမှုများအတွင်း အစ္စရေးတပ်များကို လက်ပစ်ဗုံးများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့် တိုက်ခိုက်မှုများကြောင့် အစ္စရေးလေယာဉ်တစ်စင်းသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟာ့မာ့စ် စစ်သွေးကြွပစ်မှတ်များကို လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုခဲ့သည်။ စက်တင်ဘာ ၂၈ ရက် ထိပ်တိုက်ဆုံမှုတွင် အစ္စရေးဘက်မှ သေဆုံးသူမရှိခဲ့ချေ။
ဟာ့မာ့စ်သည် ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သော်လည်း ပါလက်စတိုင်းသားများသည် နယ်စပ်ဖြတ်ကျော်နေရာပိတ်ဆို့မှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ အလုပ်အကိုင်မဲ့မှုနှုန်းမြင့်မားခြင်းတို့အပါအဝင် အခက်အခဲများကြောင့် ဆန္ဒပြမှုများကို ပြုလုပ်နေကြခြင်းဖြစ်သည်။ ဆန္ဒပြမှုများ စတင်ခဲ့သည့် မတ်လ အနှောင်းပိုင်းမှစ၍ အစ္စရေးစစ်သည်များ၏ပစ်ခတ်မှုများကြောင့် ပါလက်စတိုင်းသား ၁၄၃ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ သြဂုတ်တွင် ပါလက်စတိုင်းသားလက်ဖြောင့်သေနတ်သမားတစ်ဦးကြောင့် အစ္စရေးစစ်သည်တစ်ဦး သေဆုံးခဲ့သည်။

















