ဖန်သားပြင်ကြည့်ချိန်နည်းသည့် ကလေးများ မှတ်ဉာဏ်ပိုကောင်းကြောင်း လေ့လာမှုဖော်ပြ

ဖန်သားပြင်ကြည့်ချိန်နည်းသည့် ကလေးများ မှတ်ဉာဏ်ပိုကောင်းကြောင်း လေ့လာမှုဖော်ပြ

တဲဘလက်၊ စမတ်ဖုန်းနှင့် ကွန်ပျူတာကဲ့သို့ ဖန်သားပြင်များကို ကြည့်ရှုချိန်နည်းသည့် ကလေးငယ်များသည် မှတ်ဉာဏ်ပိုကောင်းတတ်ကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။

အပျော်သဘောရည်ရွယ်ချက်ဖြင့် တစ်ရက်လျှင် ဖန်သားပြင်ကို နှစ်နာရီအောက်လျှော့ပြီး ကြည့်ရှုသည့် အသက် ရှစ်နှစ်မှ ၁၁ နှစ်ကြား ကလေးငယ်များသည် မှတ်ဉာဏ်ဆိုင်ရာစစ်ဆေးချက်များတွင် ရမှတ်ပိုကောင်းခဲ့ကြောင်း လေ့လာမှုတွင်ဖော်ပြထားသည်။ ထို့ပြင် တစ်ညလျှင် ကိုးနာရီမှ ၁၁ နာရီကြား အိပ်စက်ချိန်ရှိသည့် ကလေးငယ်များသည် မှတ်ဉာဏ်ဆိုင်ရာ စစ်ဆေးမှုများကို ပိုမိုဖြေဆိုနိုင်ကြောင်း တွေ့ရှိခဲ့ပြန်သည်။
    ဖန်သားပြင်ကြည့်ချိန်နှင့် မှတ်ဉာဏ်ကောင်းမှုတို့ကြား ဆက်စပ်မှုကိုဖော်ပြခြင်းဖြစ်ပြီး ဖန်သားပြင်ကြည့်ခြင်းကြောင့် မှတ်ဉာဏ်ထိခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုလို့မရသေးကြောင်း သုတေသနပညာရှင်များကပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ ကလေး ၄၅၀ဝ ဦးကို လေ့လာခဲ့ခြင်းဖြစ်သည်။ ကလေးငယ်၏ ရုပ်ပိုင်းလှုပ်ရှားမှု၊ အိပ်စက်ချိန်နှင့် အပျော်သဘောဖြင့် ဖန်သားပြင်ကြည့်ချိန်များနှင့်ပတ်သက်၍ မေးခွန်းများကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
    ယင်းနောက်တွင် ဘာသာစကား၊ သိမှတ်နိုင်စွမ်းနှင့်အာရုံစိုက်နိုင်စွမ်းတို့ကို စစ်ဆေးသည့် မေးခွန်းများကိုလည်း ကလေးများကို ဖြေဆိုစေခဲ့သည်။ တစ်ရက်လျှင် ဖန်သားပြင်ကြည့်ချိန် နှစ်နာရီအောက် လျော့နည်းပြီး တစ်ညလျှင် အိပ်ချိန် ကိုးနာရီမှ ၁၁ နာရီကြားရှိကာ အနည်းဆုံး တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားခဲ့သည့် ကလေးများသည် ဖန်သားပြင်ကြည့်ချိန်များပြီး အိပ်ချိန်နည်းသည့် ကလေးများထက် စွမ်းဆောင်ရည်ပိုရှိကြောင်း လေ့လာမှုအရ သိရှိခဲ့ရသည်။
    မိဘများ၊ ဆရာများနှင့် မူဝါဒရေးဆွဲသူများသည် ကလေးငယ်ဘဝနှင့် ဆယ်ကျော်သက်ဘဝတို့တွင် ဖန်သားပြင်ကြည့်ချိန်ကို ကန့်သတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အိပ်ချိန်ရှိရေးတို့ကို အဓိကထားလုပ်ဆောင်ပေးရန် ယခုလေ့လာမှုက တိုက်တွန်းထားကြောင်း ကနေဒါနိုင်ငံ အော့တယာရှိ စီအိပ်ချ်အီးအို သုတေသနဌာနမှ ဒေါက်တာ ဂျရဲမီ ဝဲ့ရှ်ကပြောဆိုခဲ့သည်။
    သို့သော် မေးခွန်းများကို ကလေးငယ်များကို မေးမြန်းခဲ့ခြင်းဖြစ်သောကြောင့် သတင်းအချက်အလက်အရ လုံးဝယုံကြည်စိတ်ချထားလို့မရကြောင်း သုတေသနပညာရှင်များကပြောဆိုခဲ့သည်။ ယခုတွေ့ရှိမှုကို လန်ဆက်ကလေးနှင့် ဆယ်ကျော်သက်ကျန်းမာရေးဂျာနယ်၌ ဖော်ပြထားသည်။