အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်ဖြစ်ပေါ်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်း၍ မုန်တိုင်းငယ်အဖြစ်ရောက်ရှိမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိအခြေအနေတွင်လည်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်ပေါ်နေသည်ဟု မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စက်တင်ဘာ ၂၉ ရက်ညပိုင်းက ပြောထားသည်။
အောက်တိုဘာတစ်လလုံးတွင် တနင်္သာရီတိုင်းဒေသကြီး၌ ၁၆ ရက်မှ ၂၀ ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး ၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၁ ရက်မှ ၁၅ ရက်ခန့်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကယားပြည်နယ်တို့တွင် ၆ ရက်မှ ၁၀ရက်ခန့် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် အောက်တိုဘာလအတွင်း ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင် တစ်ကြိမ် ၊စစ်တောင်းမြစ်ရေသည်တောင်ငူမြို့နှင့်မဒေါက်မြို့ တို့တွင် တစ်ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့တို့၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက် ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
















