မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံမှ အင်မတန်ကိုလှပသည့် စာများကိုလက်ခံရရှိခဲ့ပြီး ၎င်းနှင့် ကင်တို့သည် ချစ်ကျွမ်းဝင်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အနောက်ဗာဂျီးနီးယား၌ စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။
သူက ကျွန်တော့်ဆီကို တကယ့်ကိုအရေးအသားကောင်းတဲ့ စာတွေပို့လိုက်တယ်၊ တကယ်ကိုကောင်းတဲ့စာတွေ၊ ကျွန်တော်တို့နှစ်ယောက် ချစ်ကျွမ်းဝင်လေရောပဲ ဟု ထရမ့်က တက်ရောက်လာသူများကို ပြောဆိုခဲ့သည်။ ကင်သည် ချစ်စရာကောင်းသူဖြစ်ကြောင်း ထရမ့်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၄ ရက်တွင်ပြောဆိုခဲ့ပြီးဖြစ်သည်။ ကင့်ထံမှ အင်မတန်ကို ထူးခြားလှသော စာတစ်စောင်ကိုရရှိခဲ့ပြီး ၎င်းတို့နှစ်ဦးကြား ဒုတိယမြောက် တွေ့ဆုံပွဲပြုလုပ်ရန် မျှော်လင့်နေမိကြောင်း ထရမ့်က စက်တင်ဘာ ၂၆ ရက်တွင် ပြောဆိုခဲ့သည်။
လွန်ခဲ့သော ၁၂ လတွင် ထရမ့်က မြောက်ကိုရီးယားကို လုံးဝဖျက်ဆီးပစ်မည်ဖြစ်ပြီး ကင်သည် ဒုံးကျည်လူသားဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပြီး ကင်ကလည်း ထရမ့်သည် စိတ်ကျန်းမာရေးမကောင်းမွန်သူဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားသည် ဒုံးကျည်တွင် တပ်ဆင်နိုင်သည့် အရွယ်အစားရှိသော နျူထိပ်ဖူးကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်တွင် ထရမ့်က မြောက်ကိုရီးယားအနေဖြင့် အမေရိကန်ကိုခြိမ်းခြောက်ခြင်းမပြုရန်နှင့် ခြိမ်းခြောက်ခဲ့ပါက တစ်ခါမျှ မကြုံဖူးသည့် လောင်မီးကျမှုမျိုးကို ကြုံရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကင်ကလည်း ထရမ့်၏ပြောဆိုမှုများသည် ခွေးရူးပြန်နေသည့် ခွေးတစ်ကောင်၏ဟောင်သံမျိုးကဲ့သို့ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ထရမ့်ကလည်း ကင်သည် နေထိုင်မကောင်းသည့် ခွေးငယ်လေးသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထရမ့်နှင့် ကင်တို့သည် ယခုနှစ် ဇွန်တွင် စင်ကာပူ၌ တွေ့ဆုံပြီး မြောက်ကိုရီးယားရှိ နျူလက်နက်များကို ဖျက်သိမ်းရေးနှင့်ပတ်သက်၍ သဘောတူညီမှုရရှိခဲ့သည်။
အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို တိုးမြှင့်ရေး ဆက်လက်လုပ်ဆောင်နေသရွေ့ မြောက်ကိုရီးယားသည် နျူလက်နက်ဖျက်သိမ်းရန် လုံးဝမဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုက စက်တင်ဘာ ၂၉ ရက်တွင် ပြောဆိုခဲ့သည်။

















