အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထားကြောင်း အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန်စွပ်စွဲခဲ့ကြ

အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထားကြောင်း အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန်စွပ်စွဲခဲ့ကြ

အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထားကြောင်း အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးများက ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၉ ရက်တွင် အပြန်အလှန်စွပ်စွဲပြောဆိုခဲ့သည်။

အမေရိကန်ရေတပ်အထူးတပ်ဖွဲ့ဝင်များ ရှာတွေ့ပြီး သတ်ဖြတ်မှုမပြုမီတွင် အယ်လ်ခိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်သည် ပါကစ္စတန်တွင် အေးဆေးစွာနေထိုင်ခွင့်ရခဲ့ကြောင်း၊ လူ ၁၆၈ ဦးသေဆုံးစေခဲ့သည့် ၂၀ဝ၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူသည် ပါကစ္စတန်ရှိ လမ်းမများပေါ်တွင် လွတ်လပ်စွာသွားလာခွင့်ရရှိနေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရက်ကပြောဆိုခဲ့သည်။
    ပါကစ္စတန်သည်လည်း အရှေ့ဘက်မှ အိမ်နီးချင်းဖြစ်သည့် အိန္ဒိယက ငွေကြေးထောက်ပံ့၊ အစီအစဉ်ဆွဲပေးနေသည့် အကြမ်းဖက်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ၊ ကလေးငယ် ၁၅၀ ကျော်သေဆုံးစေခဲ့သည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါရှိ စစ်တပ်စာသင်ကျောင်းတိုက်ခိုက်မှုအပါအဝင် ပါကစ္စတန်ရှိ အကြမ်းဖက်မှုများကို အိန္ဒိယက ကျောထောက်နောက်ခံပေးခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှား မာမွတ် ကူရာရှီက ဆူရှ်မာ မိန့်ခွန်းပြောဆိုပြီး မကြာမီတွင် ပြောဆိုခဲ့သည်။
    ဆွာရက်နှင့် ကူရာရှီတို့သည် ယခုအပတ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံ၏ဆွေးနွေးပွဲငယ်တစ်ခုတွင် တွေ့ဆုံရန် စီစဉ်ထားခဲ့သော်လည်း ပိ်ုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသ၌ အိန္ဒိယနယ်ခြားစောင့်တပ်သားတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် တွေ့ဆုံရန် အစီအစဉ်ကို အိန္ဒိယဘက်မှ ဖျက်သိမ်းခဲ့သည်။ လက်ရှိအိန္ဒိယအစိုးရသည် တွေ့ဆုံရန် အစီအစဉ်များကို အကြောင်းအရင်းခိုင်ခိုင်လုံလုံမရှိဘဲ ဖျက်သိမ်းခဲ့သည်မှာ သုံးကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း ကူရာရှီကပြောဆိုခဲ့သည်။
    ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၇ ခုနှစ်မှစ၍ ပါကစ္စတန်နှင့် အိန္ဒိယတို့သည် တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ဖြေရှင်းလို့မရသေးသည့် ဂျမ္မူနှင့် ကက်ရှ်မီးယားအရေးတို့ကြောင့် နှစ်နိုင်ငံကြား ရေရှည်တည်မြဲသည့် ငြိမ်းချမ်းရေးမရသေးခြင်းဖြစ်ကြောင်း ကူရာရှီကပြောဆိုခဲ့သည်။