တရုတ်နိုင်ငံတွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ဖြစ်ပွားနေသူ ၁၄ ရာခိုင်နှုန်း တိုးလာကြောင်း အစိုးရ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံ၌ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရှိနေသူ ၈၂၀ဝ၀ဝ ဦး ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်အတွင်းမှာပင် ရောဂါဖြစ်ပွားသူ ၄၀ဝ၀ဝ တိုးလာကြောင်း သိရသည်။
ကူးစက်ဖြစ်ပွားမှု အများစုသည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းများကြောင့်ဖြစ်ကြောင်း တွေ့ရသည်။ ယခင်က သွေးသွင်းရာမှ ကူးစက်မှု အများဆုံးဖြစ်ခဲ့သော်လည်း ယခုအခါ ထိုနည်းဖြင့် ကူးစက်မှု သုညရာခိုင်နှုန်းထိ ကျဆင်းသွားပြီဖြစ်ကြောင်း တရုတ် ကျန်းမာရေးတာဝန်ရှိသူများက ယူနန်ပြည်နယ်တွင် ကျင်းပသည့် ကျန်းမာရေး အစည်းအဝေးပွဲတွင် ပြောသည်။
တရုတ်နိုင်ငံတွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက် ဖြစ်ပွားနေသူသည် နှစ်စဉ် တစ်သိန်းခန့် တိုးလာနေကြောင်းလည်း တွေ့ရသည်။ အထူးသဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းများသည် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ဖြစ်ပွားမှု တိုးလာစေသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။ အထူးသဖြင့် တရုတ်နိုင်ငံရှိ လိင်တူဆက်ဆံသည့် အယ်လ်ဂျီဘီတီ လူ့အဖွဲ့အစည်းများအကြားတွင် ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်နေကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် လိင်တူဆက်ဆံခြင်းကို ၁၉၉၇ ခုနှစ်မှ စတင်ကာ ပြစ်မှုအဖြစ်မှ ဖယ်ရှားပေးခဲ့သည်။
အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ထိန်းချုပ်ဆေးဝါးများကို လူတိုင်းရရှိစေရမည်ဖြစ်သလို၊ လူတိုင်း အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ရအောင် ကြိုးပမ်းသွားမည်ဟု တရုတ်အစိုးရက ၂၀ဝ၃ ခုနှစ်တွင် ကတိပြုခဲ့သည်။

















